Monday 3 September 2018

ကြက်သားဆီပြန်



ဒီနေ့မနက်တော့ ရာသီဥတုက အေးအေးချမ်းချမ်းနဲ့ အပြင်လဲမထွက်ချင် ထမင်းကြော်လဲ မစားချင်တာနဲ့ဘဲ ပလာတာကြော်ကာ ပလာတာနဲ့တွဲပြီး စားဖို့အတွက် ကြက်သားဆီပြန်ဟင်း မွှေးမွှေးလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ကြက်သား အရသာနယ်ရန်

  • ကြက်ပေါင်သား - 500 g 
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

ဟင်းချက်ရန် လိုသောပစ္စည်းများ

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  7. ပျဉ်းတော်သိမ်းရွက် - ၃ခက်
  8. မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း မဆလာ စပါးလင်ထောင်း ပျဉ်းတော်သိမ်းရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ
  • အသားများ မာတင်းလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ဆက်တည်ပေးပါ 
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက မဆလာနှင့် ပျဉ်းတော်သိမ်းရွက်နံ့ မွှေးလွန်းတဲ့ ကြက်သားဆီပြန်ကို ပလာတာပူပူလေးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment