မနေ့က Sydney မြို့ထဲကိုသွားရင်း အပြန်ကျတော့ ဗီယက်နမ်ဈေးကနေ ပဲပုဇွန်သီးလေးတွေ ရလာတာနဲ့ တစ်ဝက်ကို သုပ်စားပြီး တစ်ဝက်ကိုတော့ ချဉ်ရည်ဟင်း ချက်ထားပါတယ်။
ပဲသီးတို့ရဲ့ ထုံးစံအတိုင်း နူးနူးညံ့ညံ့လေးနဲ့မို့လို့ အင်မတန်မှ စားလို့ကောင်းပါတယ် ထမင်းလဲမြိန် စားလို့လဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပဲပုဇွန်သီး - ၂၅ တောင့်ခန့်
- ဘူးသီး - အနေတော် တစ်စိတ်
- ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
- ကြက်သွန်နီ - တစ်ခြမ်း
- ကြက်သွန်ဖြူ - နှစ်မွှာ
- ချင်း - လက်တဆစ်
- ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- မန်ကျည်းသီးအနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်အကောင်သေး - အကောင် သုံးဆယ်ခန့်
- ရှမ်းနံနံ - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- ပဲပုဇွန်သီးကို ဘေးနှစ်ဖက်မှ အေကြောများ သင်ပေးပြီး ရေဆေးကာ ထက်ဝက်ပိုင်းပေးထားပါ
- ဘူးသီးကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
- ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
- ဆီ ငံပြာရည် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မန်ကျည်းမှည့်အနှစ်တို့ကို ပြင်ထားပါ
- ရှမ်းနံနံကို ရေဆေးထားပေးပါ
- ဇောက်နက်သော အိုးထဲမှာ လှီးထားသော ပဲပုဇွန်သီး ဘူးသီးနှင့် ခရမ်ချဉ်သီး ပုဇွန် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- အိုးထဲမှ အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပေးပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံအုပ်ပေးပါ
- ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ပဲပုဇွန်သီး ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။
No comments:
Post a Comment