Friday 29 January 2021

ကြာစွယ်ကြော်










ဒီနေ့တော့ ကြာစွယ်လေးတွေ ဝယ်လာပြီး အကြော်မှုန့်နဲ့ ကြော်စားပါတယ် နေ့လည်နေ့ခင်း အပျင်းပြေ စကားလေး ပြောကြရင်း ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်လွန်းပါတယ်။


ဒါကြောင့်မို့လို့ ကြော်ရတာ လွယ်သလောက် စားရတာ အရမ်းကောင်းတဲ့အတွက်  ကြာစွယ်လေးတွေ မိမိအိမ်မှာ အဆင်သင့် ရှိနေမယ် အချိန်လေးလဲ အားနေမယ် ဆိုရင်တော့ ကြော်စားကြည့်ရအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြာစွယ်  -  တစ်ခု
  2. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  3. တန်ပူရာမှုန့် - 150 g
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်မရှိတစ်ရှိ
  7. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုးပိုလျော့ လုပ်ပေးပါ
  • မုန့်နှစ်ကို ခပ်ပြစ်ပြစ် အေနအထား ရအောင်ဖျော်ပေးပါ
  • ကြာစွယ်မှ အခွံကို ခွာပေးကာ မလိုအပ်တဲ့  အထက်အောက်ပိုင်းနေရာကို ဖြတ်ပေးပြီး ဖယ်ပေးကာ လွှင့်ပလိုက်ပါ
  • ကျန်နေသော အပိုင်းကို ရေဆေးကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ အကွင်းလိုက်လှီးပြီး ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ပြီးတာနဲ့ ဖျော်ထားသော မုန့်နှစ်ထဲမှာ ဆား အရသာမှုန့် လှီးထားသော ကြာစွယ်နှင့် ကြက်သွန်နီတို့ကို ရောမွှေပေးပါ 
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအား ခပ်ပြင်းပြင်းနဲ့ အပူပေးပါ
  • ဆီပူလာပါက မီးကိုအလယ်လောက်အထိ လျှော့ပေးပြီးမှ ကြာစွယ်နှင့်မုန့်နှစ်ကို သမအောင် ခပ်ယူပြီး ထဲ့ကြော်ပေးပါ
  • မုန့်နှစ်လူးထားတဲ့ ကြာစွယ်ကို ဆီအိုးထဲ ထည့်ရာမှာ အထဲထိ ကျက်စေရန်အတွက် ဖြန့်ပြီးထည့်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်း များပါက ကြာစွယ်ရဲ့ အထဲဖက်မှာ မကျက်ဘဲ မာဆတ်ဆတ်ကြီး ဖြစ်နေတတ်ပါတယ်
  • ကြော်နေစဉ် တစ်ဖက်က ရွှေဝါရောင်သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်ရွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြာစွယ်ကြော် ကြွတ်ကြွတ်ရွရွ ချိုချိုလေးကို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ။

No comments:

Post a Comment