မာမာဒီနေ့တော့ မုန့်လက်ဆောင်း သောက်ချင်တာနဲ့ မုန့်လက်ဆောင်း အဖတ်လေးတွေ လုပ်ဖြစ်ပါတယ် လက်ဝင်တယ်လို့ မဆိုသာပေမဲ့ အိုးခွက်တွေ ဆေးရတာတော့ ပင်ပန်းပါတယ်။
ဒါပေမဲ့လဲ မုန့်လက်ဆောင်းဖတ် ဝယ်လို့မရတဲ့ သူတွေအတွက် ကိုယ်တိုင်လုပ်နိူင်အောင်လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
မုန့်လက်ဆောင်းဖတ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
- ဆန်မှုန့် - 150 g
- ရေ - 400 ml
- ကော်မှုန့် - 35 g
- ထုံးရည်ကြည် - 100 ml
- ဆွမ်းမွှေးအရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- food color အစိမ်းရောင် - နှစ်စက်ခန့်
- မုန့်ဖတ်ညှစ်မည့်မိုလ် - တစ်ခု
- ရေ - လိုသလောက် သုံးပေးပါ
- ရေခဲတုံးလေးများ - လိုသလောက် သုံးပေးပါ
- နို့စိမ်း - 750ml
ထုံးရည်ကြည် ပြုလုပ်ရန်
- ထုံး - ထမင်းစားဇွန်း နှစ်ဇွန်း
- ရေ - 500 မီလီမီတာ
- ဇလုံတစ်လုံးထဲမှာ ထုံးနှင့်ရေကိုထည့်ပြီး တစ်ညသိပ် ထားပေးပါ
- မုန့်လက်ဆောင်းဖတ် ပြုလုပ်ရာမှာ တစ်ညသိပ်ထားပြီး ရလာတဲ့ ထုံးရည်ကြည်ကိုဘဲ သုံးပေးပါ။
မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန် ပြင်ဆင်ပုံ
- ဇောက်နက်ပြီး အောက်ချေမကပ်သော အိုးထဲမှာ ဆွမ်းမွှေးရည် food color ဆန်မှုန့် ကော်မှုန့် ထုံးရည်ကြည်နှင့် ရေတို့ထည့်ပေးပါ
- ပြီးတာနဲ့ အမှုန့်များ ပျော်သွားအောင် မွှေတံဖြင့်မွှေပေးပါ
- အားလုံးအရည်ပျော်ပြီး အရောင်များ သမသွားတာနဲ့ မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ ကျိုပေးပါ
- အရည်များ ပျစ်လာပြီး ကြည်လဲ့လဲ့ အရောင်လေး သန်းလာတာနဲ့ မီးပိတ်ပေးပါ
- ဇလုံတစ်လုံးထဲမှာ ရေခဲနှင့် ရေတို့ကို ထည့်ထားပါ
- အဆင်သင့် ဖြစ်တာနဲ့ မိုလ်ထဲကို ကျိုထားသော ဆန်နှစ်များ ထည့်ပေးပါ
- ပြီးတာနဲ့ မိမိလိုချင်တဲ့ ပုံစံလေးတွေ ရလာအောင် ညှစ်ချပေးပါ
- မုန့်နှစ်အားလုံး ကုန်အောင် ညှစ်ချပြီးတာနဲ့ ရေစစ်ပြီး ဗူးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားပေးပါက သုံးရက်လောက် အထားခံပါတယ်။
မုန့်လက်ဆောင်းပွဲ ပြင်ဆင်ပုံ
- နို့စိမ်းတစ်ဗူးကို အိုးထဲကိုထည့်ကာ ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံထားပါ
- မိမိက အချိုကြိုက်ပါက သကြားထည့်ပြီး ကြိုပေးပါ
- အဆင်သင့် ဖြစ်ပါက မိမိအဆင်ပြေသော ခွက်တစ်ခုထဲမှာ မုန့်လက်ဆောင်းဖတ် ထည့်ပေးပါ
- ပြီးတာနဲ့ နို့စိမ်းဆမ်းပေးကာ သုံးဆောင်နိူင်ပါပြီ။
- မိမိက ထန်းလျှက်ရည် အုန်းနို့တို့နဲ့ နှစ်သက်ပါကလဲ မိမိနှစ်သက်တဲ့ အရသာကို ဆမ်းပေးပြီးတော့လဲ သုံးဆောင်နိူင်ပါသေးတယ်။
No comments:
Post a Comment