Saturday 15 October 2022

ငါးခူ ငါးဆားနယ်ဟင်း

 



မာမာဒီနေ့တော့ ငါးခူလေးတွေ ဝယ်လာပြီး ငါးဆားနယ်လေးလုပ်ကာ အချဉ်ဆီလည်ရေလည်ဟင်းလေး ချက်ဖြစ်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးဆားနယ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခူ - အကောင်ကြီးကြီး နှစ်ကောင်
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်း (ငါးဆားနယ်လုပ်ရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် ( ဟင်းချက်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  13. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ပြင်ဆင်ပုံ

  • ငါးကို ဆူးတောင်များ ခုတ်ပေးပြီး ဗိုက်ခွဲကာ မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာတဲ့ ဆားများများနှင့် နယ်ပေးကာ လေလုံရေလုံသော အိတ်ထဲမှာ ထည့်ပေးကာ တစ်ညသိပ် ထားထားပေးပါ
  • နောက်နေ့ ဟင်းမချက်ခင် ငါးမှာကပ်နေသော ဆားများကုန်သွားအောင် ရေ လေးငါးထပ်လောက် ဆေးပေးပါ
  • အားလုံးပြီးပါက ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ထောင်းထားတို့ကို အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ငရုတ်သီး ထောင်းထားသော ငရုတ်ဆုံကို ရေအနည်းငယ်နှင့် ကျင်းကာ ဆီသတ်တဲ့ အိုးထဲကို ထည့်ပေးပါ
  • ပြီးတော့မှ ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မန်ကျည်းသီးမှည့် အရည်ကို ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပါ
  • ငါးဆားနယ် ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment