ဒီကြာဇံသုပ်လေးက မာမာအရမ်းကြိုက်တဲ့ အသုပ်တစ်မျိုးပါ ကြာဇံကို ဖြစ်သလိုလေး သုပ်စားလဲ ကြိုက်မိသလို တစ်ခြားအစာတွေနဲ့ရောပြီးသုပ်လဲ အရမ်းနှစ်သက်ပြီး ကြာဇံသုပ်ဆို ထမင်းလွတ် စားတတ်တဲ့အတွက် ဒီနေ့တစ်နေ့တာတော့ ချဉ်ငံစပ် ဆန်ကြာဇံ အသုပ်လေးနဲ့ တစ်နေ့တာတော့ ကုန်အုံးမှာပါ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန်ကြာဆန်အခြောက် - 50 g
- ပဲအကျက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
- ဆီ - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
- မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - လိုသလောက်
- နံနံပင် - လိုသလောက်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ကြက်သွန်ဖြူ - (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
- ဂေါ်ဖီ - အနည်းငယ်
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
- ဆီချက်
- ငံပြာရည်
- ပုဇွန်ခြောက်မှုန့်
- ပဲအကျက်မှုန့်
- ငရုတ်သီး အလှော်မှုန့်
- ကြက်သားမှုန့်
- မကျည်းသီးမှည့်
- နံနံပင်
ကြာဇံပြုပ်ရန်
- ဆန်ကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
- ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ရေစိမ်ထားသော ကြာဇံကို ရေသွန်ပြီး ကြာဇံအရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
- ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
- တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
ဆီချက် ချက်ရန်
- ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
- ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ
ဟင်းခါးချက်ရန်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
- ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
- ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
အသုပ် တပွဲစာပြင်ရန်
- အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
- ဇလုံတစ်လုံးထဲမှာ ဆန်ြကာဇံ တစ်ပွဲစာ ထည့်ပေးပါ
- ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
- ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ
No comments:
Post a Comment