Thursday 3 November 2016

မျှစ် ချဉ်ပေါင်ဟင်း





ထမင်းမိန်စေမဲ့ ချဉ်ပေါင်ဟင်းကို မျှစ်ပေါက်လေးတွေနဲ့ ချက်မိလေတော့ မြန်မာပြည်ကို လွမ်းလိုက်တဲ့ ဖြစ်ချင်းပေါ့နော် ဒီနေ့တော့ အိမ်ကချဉ်ပေါင်ပင်လေးက အနုလေးတွေရော အရင့်လေးတွေပါ ရောသွမ်းပြီး ဘိုးသိုးဘတ်သတ်ချက်ပြီး ငါးပိရည်ကျိုလေးနဲ့ နယ်ဖတ်ပြီး စားလိုက်တာ ကောင်းလွန်းတာမို့လို့ လွယ်ကူမြန်ဆန် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်နီအရွက် - အနေတော် ဇကာတလုံး
  • ပြုပ်ပြီးသား မျှစ်ပေါက်အနု - ၁၅ခုခန့်
  • ပုဇွန်ထုတ် - ၁၀ ကောင်
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ -၂မွှာ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ပုဇွန်ငါးပိ - ကွမ်းသီးဆံလုံးလောက်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  1. ချဉ်ပေါင်ရွက်များကို အညှာဖက်မှ ခြွေပေးပြီး သန့်စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
  2. ရေဆေးပြီး ဇောက်နက်သော အိုးတလုံးထဲမှာ ထည့်ပေးပါ
  3. ပြုပ်ပြီးသား မျှစ်ပေါက်အနုကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးထားပါ
  4. ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
  5. ပုဇွန်ငါးပိကို ရေလက်ဖက်ရည်ပန်းကန်လုံး တလုံးသာသာနှင့် စိမ်ထားပါ
  6. ပုဇွန်ထုတ်ကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ အခွံမခွာဘဲ ခေါင်းဖြုတ်ပေးထားပါ
  7. ချဉ်ပေါင်ရွက် ထည့်ထားသော ဇာက်နက်သော အိုးတလုံးထဲမှာ ရေလက်ဖက်ရည်ပန်းကန်လုံး တလုံးလောက်နှင့် နနွင်းမှုန့်ထည့်ပြီး မီးပြင်းပြင်းနှင့် တည်ပေးပါ
  8. ရေပွက်ပွက်ဆူလာပါက ချဉ်ပေါင်ရွက်များကို ကျေသွားအောင် သစ်သားယောင်းမနှင့် ချဉ်ပေါင်ရွက်များ ဘိုးသိုးဘတ်သတ် ကျေလာတဲ့အထိ မွှေပြီးချေပေးပါ
  9. သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးထားပါ
  10. ချဉ်ပေါင်ရွက်များ ဘိုးသိုးဘတ်သတ် ကျေလာပါက လှီးထားသော မျှစ်ပေါက်များ အရသာ နယ်ထားသော ပုဇွန်များကို ချဉ်ပေါင်ရွက် ချေထားသော အိုးထဲသို့ရောထည့်ပြီး တည်ပေးပါ
  11. ရေဆူလာပြီး ပုဇွန်များ အရောင်ပြောင်းလာပါက ရေလိုသလောက်ထည့်ပြီး တည်ထားပါ
  12. ရေပွက်ပွက်ဆူလာမှ အရည်ဖျော်ထားသော ပုဇွန်ငါးပိအရည်ကို လောင်းထည့်ပြီး ဆူအောင်တည်ပါ
  13. ရေဆူလာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ချဉ်ပေါင်မျှစ်ပေါက်ဟင်းကို နှစ်သက်ရာ တို့စရာ ငါးပိရည်တို့နှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment