Wednesday 3 April 2019

ဆွမ်းမွှေး မုန့်လုံးရေပေါ်



















ဒီနေ့တော့ သမီးငယ်လေး ကျောင်းကိုမပြန်ခင် မြန်မာမုန့်လေးတွေ တစ်နေ့တစ်မျိုး လုပ်ကျွေးဖြစ်တဲ့ အထဲက မုန့်လုံးရေပေါ်လေး လုံးစားဖြစ်ပါတယ် မြန်မာ့လျာ မြန်မာ့ခံတွင်းဆိုတော့ ဘယ်အချိန်ဘဲဖြစ်ဖြစ် မြန်မာမုန့်လေးတွေကို တမ်းတမိတာတော့ အမှန်ပါဘဲ။

ဒီတစ်ခါတော့ မုန့်လုံးရေပေါ်ကို ရိုးရိုးလေး မလုံးဘဲ ရေအစား ဆွမ်းမွှေးရွက် အရည်လေးနဲ့ ထည့်လုပ်ထားတဲ့အတွက် အရသာ တစ်မျိုးဆန်းသစ်ကာ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ မုန့်လုံးရေပေါ် လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ခွက်
ဆွမ်းမွှေးရွက် - ငါးရွက်
ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး (ဆွမ်းမွှေးရွက် ကြိတ်ရန်)
အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
ထန်းလျှက်ခဲ - လက်သန်းတစ်ဆစ်စာလောက် အခဲ၂၀ခန့်
ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
ဆွမ်းမွှေးရွက်ကြိတ်ပြီး အရည်စစ်ရန် ပိတ်စ ခပ်ပါးပါး သန့်သန့် - တစ်စ
ဇကာ ခပ်စိတ်စိတ် - တစ်ခု

ဆွမ်းမွှေးရွက်ကြိတ်ရန်
ဆွမ်မွှေးရွက်ကို ရေဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ပေးပါ
ပြီးတာနဲ့ အသီးအရွက်ကြိတ်သော ဗလင်ဒါထဲမှာ ဆွမ်းမွှေးရွက်နှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးကို ထည့်ပေးပါ
ဗလင်ဒါကို တစ်မိနစ်ကြိတ် တစ်ခါနားလုပ်ပြီး အရွက်များ ညက်လာတဲ့အထိ အနည်းဆုံး ဆယ်ခါလောက် ကြိတ်ပေးပါ
အရွက်များ ညက်သွားတာနဲ့ ဇလုံတလုံးပေါ် ဇကာတင်ပေးပါ
ဇကာပေါ်မှာ ပိတ်စ ခပ်ပါးပါးကို တင်ပေးပြီး ဆွမ်းမွှေးရွက် ကြိတ်ရည်များကို သွန်ချပေးပါ
ပြီးတာနဲ့ ပိတ်စကို စုစည်းပြီး အရည်များကို ညှစ်ပေးပါ
အရည်ကိုယူထားပြီး ညှစ်ဖတ်များကို သွန်ပလိုက်ပါ
ညှစ်ယူပြီး ရလာသော ဆွမ်းမွှေးရွက် အရည်ထဲမှ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကိုသာ သုံးပါမယ်

ပြင်ဆင်ပုံ
ဇလုံကျယ်ကျယ်ထဲမှာ ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
သမသွားသော ထိုအမှုန့်ထဲကို ဆွမ်းမွှေးရည် နည်းနည်းချင်း ထည့်ပေးပြီး မုန့်သားပျော့အိလာတဲ့အထိ နယ်ပေးပါ
ဆွမ်းမွှေးရည်ကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်း ထည့်ပေးပါ
တစ်ခါတရံ မိမိသုံးသော ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေကို လိုတိုးပိုးလျှော့ လုပ်ရတဲ့အတွက် နည်းနည်းချင်း ထည့်ပေးရခြင်း ဖြစ်ပါတယ်
မုန့်သားပျော့ပြီး စေးပိုင်လာပါက ဆွမ်းမွှေးရည် ပိုနေရင် ချန်ထားပြီး သိမ်းထားလိုက်ပါ
မုန့်သားပျော့လာပါက မုန့်သားကို အ၀တ်ရေစွတ်ပြီး ရေညှစ်ကာ အုပ်ထားပြီး နာရီ၀က် တနာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
ထန်းလျှက်ခဲကို လက်သန်းတစ်ဆစ်စာ လောက်လေးတွေ တုံးပေးထားပါ
အုန်းသီးဖတ်ကို ဆားထည့်ပြီး ငံမြမြလေးရအောင် ဖွဖွလေး နယ်ထားပြီး ပန်းကန်တခုထဲမှာ ထည့်ထားပေးပါ
မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးထဲထည့်ကာ ၇ခါလောက် ဆုတ်ဆုတ်ပြီး ညှစ်ပေးပါ
ပြီးတာနဲ့ အလုံးလေး ဖြစ်လာအောင် လက်ဝါးနှစ်ဖက်ကြားမှာ အနည်းငယ် ဝိုက်ပြီး လုံးလိုက်ပါ
အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
ချိုင့်သွားသော နေရာထဲသို့ထန်းလျှက်ခဲ အစိတ်လေး တခုထည့်လိုက်ပါ
ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဝိုက်ပြီး လုံးပေးပါ
ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့် ပြုပ်ချိန်မှာ ထန်းလျှက်ရည်များ အပြင်သို့ ပေါက်ထွက်ပါတယ်
မုန့်သားအားလုံး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တလုံးချင်း တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပါ
မုန့်သားကျက်ပြီး ရေပေါ် ပေါ်လာပါက မုန့်အတွင်းသားမျာ းကျက်စေရန် နှစ်မိနစ်လောက် ထားပြီးမှ ဇွန်းဇကာနှင့် ဆယ်ပေးပါ
ပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ကာ အုန်းသီးမှုန့် ထည့်ထားသော ပန်းကန်ထဲသို့ တန်းပြီးထည့်ပေးပါ
မုန့်သားပူနေတုန်းမှာဘဲ အုန်းသီးမှုန့်များ ကပ်သွားအောင် ခပ်မြန်မြန်လေး လူးပေးပါ
အထက်ပါ နည်းအတိုင်း အားလုံးပြီးသွားပါက ဆွမ်းမွှေးရွက်နံ့ မွှေးပျံ့နေတဲ့ မုန့်လုံးရေပေါ်လေးကို စားသုံးရန်အတွက် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment