တရုတ်ဟင်းလျာ အရည်သောက်ဟင်း တစ်မယ်ဖြစ်တဲ့ သခွားသီးကြော်ချက် ဟင်းချက်နည်းလေး မျှဝေပေးလိုက်ပါတယ် ခ၀ဲသီး သပွတ်သီးကြော်ချက်တို့နဲ့ ချက်နည်းတူသလို အရသာလဲ အတူတူဘဲရှင် တခါသောက်မိတာနဲ့ စွဲမက်စေမဲ့ အရည်သောက် ဟင်းရည်လေးမို့လို့ ချက်သောက်ကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သခွားသီး - ခပ်ာကီးကြီး တစ်လုံး
- ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာ
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- သခွားသီးကို ထိပ်နှစ်ဖက်ဖြတ်ပြီး အခွံခွာကာ အလုံးလိုက် ရေဆေးပေးပါ
- ရေဆေးပြီးမှ ထက်ခြမ်းခြမ်းကာ ခပ်ထူထူလေး လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
- ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
- ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
- ကြက်သွန်များနွမ်းလာတာနဲ့ လှီးထားသော သခွားသီးကို ထည့်ကြော်ပါ
- သခွားသီး နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲနှင့် ကြက်သားမှုန့်တို့ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူပြီး သခွားသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment