ဒီနေ့တော့ ဆိတ်သားအစိုကို ခရမ်းချဉ်သီး ချဉ်ချဉ်လေးနဲ့ဆီလည်ရေလည်လေး ချက်ဖြစ်တာမို့ထမင်းပူပူလေးနဲ့ စားမလား ပေါင်မုန့်နဲ့တွဲပြီး စားမလား အဆင်ပြေစေတဲ့ ဟင်းတမယ်အဖြစ် ချက်ထားပါတယ်။
ချက်ရတာ လွယ်ကူပြီ ဆီနိုင်နိုင် သတ်ပေးဖို့ဘဲ လိုတဲ့ ဟင်းတမယ်မို့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ် အမဲသား သိုးသားတို့ကိုလဲ ဒီနည်းအတိုင်း ချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား - 500 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ချငေးထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါးလင် ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- စပါးလင်အရွက် - ၅ရွက်ခန့်
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
- ဆိတ်သားကို အနေတော် အတုံးလေးတွေ တုံးထားပါ
- တုံးထားသော ဆိတ်သားကို သံပုရာရည် ညှစ်ပြီး နယ်ကာ၅မိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပလိုက်ပါ
- ရေဆေးပြီးသော ဆိတ်သားကို ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
- စပါးလင် အရင်ပိုင်းကို ညက်နေအောင် ထောင်းထားပေးပါ
- စပါးလင်အရွက်ကို လိမ်ပြီး ထုံးထားပေးပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
ချက်ပြုပ်ပုံ
- ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီးလှိမ့်ပေးပါ
- မကြာမကြာ မွှေပေးပြီး ခရမ်းချဉ်သီးများ ကျေလာတဲ့ထိ မွှေပေးပါ
- ခရမ်းချဉ်သီး ကျေတာနဲ့ ထုံးထားသော စပါးလင်အရွက်နှင့် အရသာနယ်ကာ နှပ်ထားသော ဆိတ်သားကို ထည့်မွှေပြီး ၁၅မိနစ်လောက် ဆီသတ်ပေးပါ
- ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ဆိတ်သားအသားများ မာလာတဲ့ထိ ချက်ပေးပြီးမှ ရေမြုပ်အောင်ထည့်ပြီး အသားနူးအောင် တည်ပေးပါ
- ပထမ တရည်ခမ်းလာတာနဲ့ နောက်တရည်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပြီး ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment