Friday 25 December 2020

ဂဏန်းသား ခေါက်ဆွဲကြော်



 
ဒီနေ့တော့ Sydney မြို့ထဲဘက်ကို ဈေးသွားဝယ်ရင်း ပန်းဂေါ်ဖီ အရိုးရှည်လေးတွေ ရလာတာနဲ့ ဂဏန်းသားလေးတွေပါ ဝယ်လာကာ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် ကြော်နည်းလေးကတော့ ရိုးရိုးလေးပါဘဲ ဂဏန်းသား အရသာလေးနဲ့ စားရတာ တစ်မျိုးလေး ကောင်းလွန်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဂဏန်းသား ခေါက်ဆွဲကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲပြား အစို - လေးဆယ်သား
  2. ဂဏန်းသား - 200 g
  3. ပန်းဂေါ်ဖီ - အခက်ကြီးကြီး ငါးခက်
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  11. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  12. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  13. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဂဏန်းသားကို အဆင်သင့် ပြင်ထားပါ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးကာ အခက်သေးလေးတွေရအောင် လွီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • တရုတ်နံနံကို  ရေဆေးပြီး အရိုးလေးတွေ ကျေသွားအောင် အနည်းငယ်ထုပြီး အနေတော် လွီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • မကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ ဂဏန်းသားကို ထည့်ကြော်ပေးပါ
  • ဂဏန်းသား ထည့်မွှေပြီးတာနဲ့ နှစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ပန်းဂေါ်ဖီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကြည်နှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ဂဏန်းသား ခေါက်ဆွဲကြော် မွှေးမွှေးလေးကို မိမိနှစ်သက်ရာ ဟင်းချို ဟင်းခါးတို့နှင့် သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment