Saturday 12 December 2020

ချဉ်ငံစပ် ပြည်ကြီးငါးထောင်း




ဒီနေ့တော့ ပြည်ကြီးငါး ခေါင်းပိုင်းလေးတွေ ဝယ်လာပြီး တစ်ဝက်ကို ကြော်စားကာ တစ်ဝက်ကိုတော့ ချဉ်ငံစပ်လေး ထောင်းစား ဖြစ်ပါတယ် ရာသီဥတု အပြောင်းအလဲလေးကြောင့် အခုရက်ထဲ ထမင်းမစား ချင်တဲ့ရက်တွေက များနေသလို ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလိုလေး စားရတာ ပါးစပ်ထဲမှာ ခံတွင်းတွေ့သလိုလဲ ခံစားရတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သန့်စင်ပြီး ပြုပ်ထားပြီးသား ပြည်ကြီးငါးခေါင်းပိုင်း - ကိုးခု
  2. ပဲတောင့်ရှည် - ကိုးတောင့်
  3. ခရမ်းကြွတ်သီး - ကိုးလုံး
  4. မုန့်ဖတ် - မိမိစားနိူင်သလောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ယိုးဒယား ငါးပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ယိုးဒယား ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ယိုးဒယား ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. သံပုရာသီး - တစ်လုံး
  10. ထန်းလျှက်ခဲ - အနေတော် တစ်ခဲ
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  12. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့် (အစပ်မစားရင် လျှော့ထည့်ပါ)
  13. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံးခန့်
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချယ်ရီခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • ခရမ်းကြွတ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပဲတောင့်ရှည်လေးတောင့်ကို ရေဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ပဲတောင့်ရှည် ငါးတောင့်ကို ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေ ပိုင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ  ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ကို ထည့်ထောင်းပေးပါ
  • မညက်တစ်ညက် အနေအထားလေး ရလာတာနဲ့ သုံးရမဲ့ ငါးပိရည် အရသာမှုန့်နှင့် ငံပြာရည်တို့ကို  ထည့်ပေးပြီး ဇွန်းနှင့်မွှေပေးပါ
  • ပြီးတာနဲ့ သံပုရည်ညှစ်ထည့်ကာ ခရမ်းချဉ်သီး ပြည်ကြီးငါး ပဲသီးနှင့်ခရမ်းကြွတ်သီးတို့ ကို ထည့်မွှေပေးပါ
  • အားလုံးအရသာ သမသွားတာနဲ့  ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ချဉ်ငံစပ် ပြည်ကြီးငါးထောင်းကို မုန့်ဖတ် ပဲသီးတို့နှင့်တွဲဖက်ကာ စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီရှင်။

No comments:

Post a Comment