Wednesday 30 December 2020

ကြက်သား အစိမ်းကြော်


ဟင်းချက်ရတာ ပျင်းတဲ့နေ့တွေဆိုရင် အခုလို ဟင်းတစ်မယ်ထဲနဲ့ အရသာ အစုံပါတဲ့ ဟင်းမျိုးလေးတွေကို ချက်တတ်ပါတယ် တစ်မယ်ထဲနဲ့ အရသာ မျိုးစုံ ပါတဲ့အတွက် ထမင်းပူပူလေးနဲ့သာ စားလိုက်ရရင်တော့ တခြားဟင်းတွေ မပါရင်တောင် ပြည့်စုံစေတဲ့ ဟင်းဖြစ်တာကြောင့် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ကြက်သွန်နီ  - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ကြက်သားကြော်ရန်)
  14. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း (အစိမ်းကြော် ကြော်ရန်)
  15. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သားနယ်ရန်)
  16. ရေ - ထမင်းစားဇွန်း လေးဇွန်း

အစိမ်းကြော် အရသာထည့်ရန်
  • ပဲငံပြာရည်အကြည်
  • နနွင်းမှုန့် 
  • အရသာမှုန့် 
  • သကြား
  • ပဲငံပြာရည် အပျစ် 
  • ဆား
  • နှမ်းဆီနှင့် ရေတို့ကို ဇလုံတစ်လုံးထဲမှာထည့်ပြီး ဖျော်ထားပါ
ပြင်ဆင်ပုံ
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေလှီးကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ပြောင်းကော်မှုန့်နဲ့ နယ်ပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်နှစ်ဆစ်စာလောက်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ပြောင်းကော်မှုန့် နယ်ထားသော ကြက်သားကို အိုးဆန့်သလောက် တစ်တုံးချင်း ထည့်ကြော်ပေးပါ
  • ကြက်သားတုံးလေးတွေ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ကြက်သားအားလုံး ကြော်ပြီးတာနဲ့ အစိမ်းကြော်ကြော်ဖို့ ပြင်ဆင်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်နံ့လေး သင်းလာတာနဲ့ မုံလာဥနီနှင့် ကြက်သွန်နီကို ထည့်မွှေပေးပါ
  • မုံလာဥနီနှင့် ကြက်သွန်နီ အနည်းငယ် နွမ်းလာတာနဲ့ ကြော်ထားသော ကြက်သားများ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ စပ်ထားသော အရည်ကို လောင်းထည့်ပြီး မွှေပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ ကြက်သွန်မိတ် ထည့်မွှေပေးပါ
  • ကြက်သွန်မိတ် ထည့်မွှေပြီးတာနဲ့ ကြက်သားအချိုကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါ။

No comments:

Post a Comment