Wednesday 23 December 2020

မုန့်ဟင်းခါး ဟင်းရည်ကျဲ



ဒီနေ့တော့ မုန့်ဟင်းခါး ဟင်းရည်ကျဲလေး စားချင်တာနဲ့ မော်လမြိုင် မုန့်ဟင်းခါး ချက်စားဖြစ်ပါတယ် အားလုံးချက်ပြီးကာမှ ပူစီနံ မရှိတာကို သတိရသွားပါတယ်။
ဒါပေမဲ့လဲ မိုးတွေလေတွေ အသားကုန်ရွာနေတော့ သွားဝယ်ဖို့ကလဲ မဖြစ်နိူင် ဒီတော့လဲ ရှိတာလေးနဲ့ဘဲ စားလိုက်ရ ပါတော့တယ် ဒါကြောင့်မို့လို့ ဟင်းရည်ချက်နည်းလေးကိုဘဲ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ငါးခူ - သုံးဆယ်သား
  2. မုန့်လုပ်ထန်းလျှက်ခဲ - ကွမ်းသီးဆံလုံးလောက် သုံးခဲ
  3. ငါးငံပြာရည် - ထမင်းစားရည် ငါးဇွန်း 
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း 
  5. စပါးလင် - နှစ်ပင်
ငါးပြုပ်ပုံ
  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင် ဆေးပေးပါ
  • စပါးလင် နှစ်ပင်ကို ရေဆေးပြီး ထုပေးကာ အထုံးလေး ထုံးပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ စပါးလင် ငါး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထန်းလျှက်ခဲ ငါးငံပြာရည် ထမင်းစားဇွန်း ငါးဇွန်း နနွင်းမှုန့်  တို့ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သပ်သပ်စီ ထွင်ပေးထားပါ
  • အသားထွင်တဲ့အခါ ငါးအသား အမြှောင်းလေးတွေ ရအောင် ထွင်ပေးပါ
  • အသားထွင်ထားသော ငါးအရိုးများနှင့် ထည့်ပြုပ်ထားသော စပါးလင်ထုံးတို့ကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
  • ငါးဆီရန် ပါဝင်ပစ္စည်းများ
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  • ကြက်သွန်နီ - နှစ်ဆယ်သား 
  • ကြက်သွန်ဖြူ  - တစ်ဆယ်သား
  • စပါးလင် - သုံးပင်င
  • ရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ 
  • ချင်း - ငါးကျပ်သား 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်အ
  • ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ငါးဆီသတ်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • စပါးလင်သုံးပင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးကာ ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ 
  • ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် တို့ ထည့်မွှေပေးပါဆီသတ်နံ့ သင်းလာပြီဆိုတာနဲ့ မီးပိတ်ပေးပါ။
ငှက်ပျောအူလှီးရန် ပါဝင်ပစ္စည်းများ
  1. ငှက်ပျောအူ - တစ်ထွာသာသာလောက် (နုတဲ့နေရာကိုဘဲ သုံးပါ)
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း 
  3. ရေ - လိုသလောက် သုံးပါ
ငှက်ပျောအူလှီးရန်
  1. ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး ဖျော်ထားပါ
  2. ငှက်ပျောအူကို အဖတ်လေးတွေ ခွာပေးပြီး အကျောသင်ပေးပါ
  3. အကျောသင်ပြီးတာနဲ့ မထူမပါးလေးတွေလှီးပြီး နနွင်းဖျော်ထားသော ဇလုံထဲမှာထည့်ပြီး စိမ်ထားပါ
ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ငါးဆီသတ်ပြီးသား
  2. ငှက်ပျောအူ လှီးပြီးသား
  3. ကြက်သွန်နီ - အလုံးသေး (မိမိနှစ်သက်သလောက်ထည့်ပါ)
  4. ငါးပြုပ်ရည်
  5. ဆန်လှော်မှုန့် - 1000 g
  6. ရေ - သုံးလီတာခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နစ်ဇွန်းခွဲ
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ဟင်းရည်ချက်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် နောက်ထပ်ရေ ၃လီတာခန့်ထည့်ပြီး တည်ပေးပါ
  • ဆန်လှော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဟင်းရည်အိုး ရေဆူလာတာနဲ့ လှီးထားသော ငှက်ပျောအူများကို ထည့်ပေးပါ
  • ငှက်ပျောအူများ နူးလာတဲ့အထိ တည်ပေးပြီးတာနဲ့ ဆန်လှော်မှုန့် အရည်ဖျော်ကိုထည့်ပြီး ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
  • ဆန်လှော်မှုန့်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူလာတော့မှ ကြက်သွန်များထည့်ပြီး နူးလာပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့် ခတ်ပေးပါ
  • ပြီးတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပြီးပါက မော်လမြိုင် မုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။
မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
  1. မုန့်ဖတ် - တစ်ကီလိုခွဲ
  2. မုန့်ဟင်းရည် - မိမိနှစ်သက်သလောက်
  3. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  4. နံနံပင် - မိမိနှစ်သက်သလောက်
  5. ငါးဖယ်ကြော် - မိမိနှစ်သက်သလောက်
  6. ပူစီနံ  - မိမိနှစ်သက်သလောက်
  7. ပဲကြော်  - မိမိနှစ်သက်သလောက်
မုန့်ပွဲပြင်ပုံ
  • မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  •  နံနံပင်နှင့် ပူစီနံကို ရေဆေးပြီး သင့်သလို လှီးထားပါ
  • ပန်းကန်လုံး တစ်ခုထဲမှာ မုန့်ဖတ်နှင့် မိမနှစ်သက်ရာတို့ကို ထည့်ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ မော်လမြိုင် မုန့်ဟင်းခါး ပူပူလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment