Wednesday 9 December 2020

ပြည်ကြီးငါး တန်ပူရာကြော်



 

ဒီနေ့တော့  ပြည်ကြီးငါး ခေါင်းပိုင်းလေးတွေကို တန်ပူရာမှုန့်နဲ့ ကြော်ဖြစ်ပါတယ် ပြည်ကြီးငါး စားတဲ့သူတွေအတွက်တော့ အရမ်းကို စားလို့ကောင်းပြီး အဆင်ပြေစေတဲ့ အကြော်လေးပါ။

ကြော်ရတာ လွယ်သလောက် စားရတာ အရမ်းကောင်းပါတယ် ပြည်ကြီးငါး ခေါင်းပိုင်းလေးတွေလဲ မိမိတို့အိမ်မှာ အဆင်သင့် ရှိနေမယ် အချိန်လေးလဲ အားမယ်ဆိုရင်တော့ ကြော်စားကြည့်စေချင်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပြည်ကြီးငါးခေါင်းပိုင်း - ခပ်ကြီးကြီး ငါးခု
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. တန်ပူရာမှုန့် - 150 g
  7. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်မရှိတစ်ရှိ
  8. ဆီ - လိုသလောက် သုံးပေးပါ
  9. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပြည်ကြီးငါးဆေးရန်)
ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင် မွှေပေးကာ ခပ်ပျစ်ပျစ် ဖျော်ပေးပါ
  • ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုးပိုလျော့ လုပ်ပေးပါ
  • မုန့်နှစ်ခပ်ပြစ်ပြစ် ရအောင်ဖျော်ပေးပါ
  • ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းမှ မလိုအပ်သော နေရာတွေကို ဖယ်ပေးပါ
  • ပြီးတာနဲ့ ဆားထည့်ကာ ခပ်နာနာ နယ်ပေးပါ
  • အကျိအချွဲများ ထွက်လာပါက ရေနိူင်နိူင်နှင့် ပြောင်စင်အောင် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ထည့်ပေးကာ ဆား အရသာမှုန့် နနွင်းမှုန့် ငရုတ်ကောင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ တစ်ခုချင်း ယူပေးပြီး ဖျော်ထားသာ မုန့်နှစ်ထဲမှာ  နှစ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအား ပြင်းပြင်းနဲ့ အပူပေးပါ
  • ဆီပူလာပါက  မီးကိုအလယ်လောက်အထိ လျှော့ပေးပြီးမှ  မုန့်နှစ်လူးထားတဲ့ ပြည်ကြီးငါးကို တစ်ခုချင်း ထဲ့ကြော်ပေးပါ
  • ကြော်နေစဉ် မီးအရမ်း မများစေရန် သတိပြု ပြီး ကြော်ပေးပါ 
  • မီးအရမ်း များပါက အထဲမှ ပြည်ကြီးငါး အသားများ မကျက်ဘဲ ပျော့ပြဲကြီး ဖြစ်နေတတ်ပါတယ်
  • ကြော်နေစဉ် တစ်ဖက်က ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ပြည်ကြီးငါးကြော် ကြွတ်ကြွတ်ရွရွလေးကို မိမိနှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ။

No comments:

Post a Comment