Monday 30 October 2023

ငါးဖယ် အုန်းနို့ဆီပြန်ဟင်း


 ဗီယက်နမ်ဆိုင်က ဝယ်လာတဲ့ ငါးဖယ်ခြစ်ကို အုန်းနို့နဲ့ ချက်ပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်ခြစ် - 400 g  
  2. အုန်းနို့  - 200 g           
  3. ကြက်သွန်နီ  - အနေတော် နှစ်လုံး 
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီးအ​ရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  7. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  8. ရှောက်နူရွက် - နှစ်ရွက်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းချက်ရန်နှင့် ငါးဖယ် အရသာနယ်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ဟင်းချက်ရန်နှင့် ငါးဖယ်အရသာနယ်ရန်)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဟင်းချက်ရန်နှင့် ငါးဖယ်အရသာနယ်ရန်)
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ငါးဖယ်ခြစ် ဆား အရသာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အရသာ သမသွားအောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ ထိုဇလုံထဲမှာဘဲ ငါးဖယ်ခြစ်များကို အချက် နှစ်ရာလောက် ပေါက်ပေးထားပါ
  • ထိုပေါက်ထားသော ငါးဖယ်ခြစ်များကို အနေတော် အလုံလေးတွေ လုံးထားပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင်တို့ကို ငရုတ်သီး အရောင်တင်မှုန့်နဲ့ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ရှောက်နူရွက်ကို ရေဆေးထားပါ
  • ဇောက်အနည်းငယ် နက်သော အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးဆီသတ်နံ့ မွှေးလာတာနဲ့ ရှောက်နူရွက်ကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်ထားတာ မွလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီမှ ငါးဖယ်ကို တစ်လုံးခြင်း ထည့်မွှေပေးပါ
  • ငါးဖယ်အသားလေးတွေ မာတင်းလာတော့မှ အုန်းနို့ကို လောင်းထည့်ပြီး အရသာ ဝင်သွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ ဆားနှင့်အရသာမှုန့်ထည့်ပြီး မွှေပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အုန်းနို့များ အရမ်းမခမ်းခင် အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာတာနဲ့ ငါးဖယ်အုန်းနို့ ဆီပြန်ဟင်းကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment