ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်စားတဲ့ နန်းကြီးသုပ် သုပ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
- ကြက်ရင်ပုံသား - 350 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
- ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
- ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး (အသုပ်ထဲထည့်သုပ်ရန်)
- ကြက်သွန်နီ - အနေတော် တစ်လုံး (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
- ကြက်သွန်နီ - အလုံးခပ်သေးသေး ငါးလုံးခန့် (ပဲဟင်းရည်ထဲထည့်ရန်)
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန် းသုံးဇွန်း (ကြက်သားဆီသတ်ရန်)
- နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
- ဆား - လိုသလောက် သုံးပေးပါ
- ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
- အုန်းနို့ - ဟင်းပြင်ပန်းကန် တစ်လုံးစာ (ကြက်သားထဲ ထည့်ချက်ရန်)
- ဆီ - လိုသလောက် သုံးပေးပါ
- အရသာမှုန့် - လိုသလောက် သုံပေးးပါ
- ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
- ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း
- အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
- သံပုရာသီး - လိုသလောက် သုံးပေးပါ
- နံနံပင် - လိုသလောက် သုံးပေးပါ
- ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
- ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
- ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
- ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့မွှေးလာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
- ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
- အရသာ သမလောက်တာနဲ့ အုန်းနို့နှင့် ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
- ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
- ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
- မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
- မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
- ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
- အုန်းဆီချက်ပြီးသားကို ပြင်ထားပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
- နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
- ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း လေးဇွန်းထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ လှီးထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး ဆီသတ်ပေးပါ
- ကြက်သွန်များ နွမ်းသွားပြီး ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပါ
- ပဲအစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခန့်နှင့် ပျော်အောင် ဖျော်ပေးပါ
- ပဲမှုန့်အရည်ပျော်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး အပူပေးပါ
- ပူလာတာနဲ့ ပဲမှုန့်မျာ လုံးထွေးပြီး ကပ်မသွားစေရန် သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
- ပဲမှုန့်မျာ ပဲစိမ်းနံ့ ပျောက်လာတာနဲ့ ပဲရည်အပျစ်အကျဲအတွက် မိမိစိတ်ကြိုက် ရေလိုသလောက်ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်နီ ဆား အရသာမှုန့် ဆီသတ်ထားသော ငရုတ်သီးဆီသတ်နှင့် အုန်းဆီချက်တို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ပဲရည်အိုး တည်နေစဉ် ဝေကျတတ်တဲ့အတွက် သတိထားပြီး တည်ပေးပါ
- ကြက်သွန်နီဥများ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ထားပေးပါ
- နန်းကြီးသုပ်ထဲ ထည့်ရန်နှင့် အသုပ်နှင့် တွဲဖက်စားရန် ပဲဟင်းအရည်သောက်လေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
- နန်းကြီးဖတ်များကို ပြင်ထားပါ
- ကြက်သားချက်ပြီးသားကို ပြင်ထားပါ
- သံပုရာသီးကို ရေဆေးပြီး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
- ငါးဖယ်ကြော်ပြီးသားကို ပြင်ထားပေးပါ
- အရသာမှုန့်ကို ပြင်ထားပါ
- ပဲအကျက်မှုန့်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိူင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည် ကြက်ဥ ငါးဖယ်ကြော်နှင့် ပဲဟင်းရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
- အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အသုပ်ပွဲပေါ်မှာ အကြွတ်ကြော် ထည့်ပေးပြီး ပဲဟင်းရည် ချိုချိုလေးနှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment