Friday 27 October 2023

ဆီးချိုဝေဒနာရှင်တို့အတွက် သင့်တင့်သော ထမင်းတစ်နပ်စာ


ဒီနေ့တော့ ဆီးချိုရှိသူတွေအတွက် စားသုံးရန် သင့်တော်မဲ့ ထမင်းပွဲ ပြင်ဆင်ပုံလေးကို မျှဝေပေးချင်ပါတယ် မာမာကိုယ်တိုင်လဲ ဆီးချိုရှိတဲ့အတွက် ကိုယ်စားဖို့အတွက်ကို ကိုယ့်ဘာသာကို တွက်ချက်ပြီး ပြင်ဆင် စားသောက်ရပါတယ်။

ဆီးချိုရောဂါ ရှိသူတွေဟာ ဆီးချိုရောဂါ ရှိကြတယ်ဆိုတာ နံမည်သာ တူကြတာပါ အချိုဓါတ် အတက်အကျ အနည်းအများ အပေါ်မှာ မူတည်ပြီးတော့ ဆေးသောက်ကြရပုံခြင်း မတူကြတာတွေလဲ ရှိတတ်ကြပါတယ်။

ဒါကြောင့်မို့လို့ အခုမာမာ စားသလိုမျိုး နေ့စဉ်ပုံမှန် စားရင်တော့ မိမိရဲ့ ကလူးကို့စ် အချိုပမာဏကို ထိမ်းပေးနိူင်ပါတယ် ဒိထက် ပိုစားရင်တော့ အချိုဓါတ်က တက်နေမှာ သေချာပါတယ်။

ကျမတို့ မြန်မာလူမျိုးတွေက မွေးလာပြီး စားတတ်တဲ့အရွယ် ရောက်တာနဲ့ ထမင်းကိုဘဲ အဓိကထားပြီး စားသုံးကာ ကြီးပြင်းခဲ့ကြတာ ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဆီးချို ဝေဒနာ ခံစားလာရပြီဟေ့လို့ ဆိုလိုက်တာနဲ့ ထမင်းမစားနဲ့ အသီးတွေ မစားနဲ့ ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့ ဟိုလိုမနေနဲ့ ဒီလိုမထိုင်နဲ့ ဆိုတာတွေကို တစ်ယောက်တစ်ပေါက် ပြောတတ်ကြပါတယ်။

အဲဒီလို ပြောလာကြတာနဲ့ ဝေဒနာရှင်က ကြောက်လန့်ပြီး စားနေကျ အစားအစာတွေကို ရှောင်ပါတော့တယ် တုံးတိကြီး ရှောင်တဲ့သူတွေက ရှောင်လိုက်ကြပါတယ် ဒီလိုရှောင်လိုက်တာနဲ့ အရင်ဆုံး ဝေဒနာရှင်ဟာ စားနေကျ အစားအစာတွေ မစားရတဲ့အတွက် စိတ်ဓါတ်တွေ ကျလာမယ် ကြာလာတဲ့အခါ အားအင်တွေ ချိနဲ့လာမယ်။

ဒီအခါမှာ မလိုလားအပ်တဲ့ ရောဂါတွေက ထပ်ပြီးဝင်လာတတ်ပါတယ် စားနေကျ ထမင်းကို မစားရတော့ဘူး ဆိုတာနဲ့ စိတ်ဓါတ်တွေလဲ ကျလာပါလိမ့်မယ်။

ဒါကြောင့်မို့လို့ ဆီးချိုရောဂါအတွက် နောက်ဆုံးပေါ် ကုထုံးတွေမှာ ထမင်းကို စားလို့ရသလို ပေါင်မုန့်လဲ စားလို့ရပါတယ် အသီးအရွက်တွေကိုလဲ အချိုပမာဏ အနည်းအများအပေါ် မူတည်ပြီး အချိုးအစား ချိန်တွယ်တွက်ဆကာ စားလို့ရပါတယ်။

ထိုနည်းတူပါဘဲ ဆရာဝန် ညွှန်ကြားတဲ့ ဆေးပမာဏကို နေ့စဉ်ပုံမှန်သောက်ပေးပါအစားအသောက်ကိုလဲ ဆရာဝန် တွက်ချက်ပေးထားတဲ့အတိုင်း စားသောက်ပေးပါ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်လုပ်ပေးပါ။

ဆီးချိုရှိပြီ ဆိုတာနဲ့ တတ်ကျွမ်းတဲ့ သက်ဆိုက်ရာ ဆရာဝန်နဲ့ အရင်ဆုံး ပြသပေးပါ ပြီးတာနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးပါ။

ပြီးတာနဲ့ တတ်သိနားလည်တဲ့ ဆရာဝန် တွက်ချက်ပေးတဲ့ ပုံစံအတိုင်း စားသောက် နေထိုင်ပြုမူ ပေးရင် အသက်ကို ဉာဏ်စောင့်တယ် ဆိုတာလေးလဲ ပြောလိုက်ပါတယ်ရှင်။

အခုပြထားတဲ့ ပုံလေးကတော့ မာမာရဲ့ နေ့လည်စာအတွက် ထမင်းကို မုန့်လုပ်ရာမှာ ချင်တွယ်တဲ့ခွက်ရဲ့ တစ်ဝက်ရယ် ငါးကင်ရယ် အသီးအရွက်လေးတွေရယ်ကို ပြင်ထားတာ ဖြစ်ပါတယ်ရှင်။

မာမာကတော့ မနက်စောစောစာကို ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင် တစ်ချပ်စားပါတယ် ကော်ဖီဖျော်တဲ့အခါမှာ ကော်ဖီမှုန့်ရယ် မလိုင်မပါတဲ့ နွားနို့ရယ်နဲ့ ဖျော်ပါတယ်။

တစ်ခါတစ်ရံမှာ မနက်စောစောစာအတွက် ကွေကာအုပ်ကို ပျားရည်စစ်စစ်နဲ့ အသီးတစ်မျိုးမျိုး ထည့်ပြီးစားပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ နေ့လည်စာအတွက် ထမင်းတစ်ပန်းကန်စာကို ငါးကင် ထမင်းနဲ့ အရန်ဟင်းလေးတွေ ပြင်ထားတာကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပြင်ဆင်ပုံ
  • ထမင်း - 1/2 cup
  • ငါးကင် - နှစ်တုံး
  • မုံလာဥနီပြုပ် - 1 cup
  • ဘရော့ကိုလီပြုပ် - 1 cup
  • ပဲစိမ်းစေ့ပြုပ် - မိမိနှစ်သက်သလောက် စားပါ။
ငါးကင်ပုံ
ပါ၀င်ပစ္စည်းများ
  1. ငါးမြစ်ချင်း - သုံးတုံး (လက်သုံးလုံးလောက် အနေအထား သုံးတုံး)
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ချယ်ရီခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ (အကင်အိုးနှင့်ကင်နည်း)
  • ငါးကို မလိုတာတွေ ဖယ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသောငါးကို နနွင်းမှုန့်နှင့် အရသာမှုန့်တို့နှင့် နယ်ပေးပါ 
  • ငါးကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
  • အိုးပူလာပါက အိုးရဲ့အဖုံးနှင့် အိုးထဲကို ဆီလိုက်သုတ်ပေးပါ
  • ဆီသုတ်ပြီးတာနဲ့ အရသာ နယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • ငါးကင်ရဲ့ တစ်ဖက်ကျက်သွားမှ နောက်တစ်ဖက်ကို လှန်ပေးပါ
  • မကျက်သေးဘဲ လှန်မိပါက ငါးအသားများ ဘတ်လတ်တွေ လန်ကုန်တတ်ပါတယ်
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
ထမင်းပွဲပြင်ဆင်ပုံ
  • ပန်းကန်ထဲမှာ ထမင်းနှင့် ပါဝင်ပစ္စည်းများကို မိမိနှစ်သက်သလို ပြင်ပေးပါ

No comments:

Post a Comment