Thursday 26 October 2023

ငါးတောကင် မွှေးမွှေးလေး





ငါးမြစ်ချင်းတစ်ကောင် ဝယ်လာပြီး ခရမ်းချဉ်သီးနဲ့ တစ်ဝက်ကိုချက်ကာ ကျန်တစ်ဝက်ကိုတော့ ငါးတောကင်လေး ကင်လိုက်ပါတယ်။
တောကင်လို့ ပြောရတာကတော့ ငါးကင်တဲ့ အခါမှာ တစ်ခြားထူးထူးဆန်းဆန်း ဘာအမွှေး နံ့သာမှ မထည့်ဘဲ ဆားနနွင်း အရသာမှုန့်တို့နဲ့ဘဲ ကင်ထားပြီး တောသဘာဝ ငါးကင်လေး ဖြစ်တဲ့အတွက် တောကင်လို့ ပြောခြင်းဘဲ ဖြစ်ပါတယ်။ 

မိသားစု နည်းတဲ့အိမ်တွေမှာ အခုလို အကင်အိုး သေးသေးနဲ့ ကင်ပေးရင်ဘဲ အဆင်ပြေပါတယ် ဒီနေ့တော့ အကင်အိုးလေးနဲ့ ကင်ဖြစ်သွားလို့ မာမာကင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ ငါးရဲ့အသားတုံး အထူအပါး အပေါ်မူတည်ပြီး မိနစ်အနည်း အများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြစ်ချင်း - သုံးတုံး (လက်သုံးလုံးလောက် အနေအထား သုံးတုံး)
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ချယ်ရီခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ (အကင်အိုးနှင့်ကင်နည်း)
  • ငါးကို မလိုတာတွေ ဖယ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသောငါးကို နနွင်းမှုန့်နှင့် အရသာမှုန့်တို့နှင့် နယ်ပေးပါ 
  • ငါးကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
  • အိုးပူလာပါက အိုးရဲ့အဖုံးနှင့် အိုးထဲကို ဆီလိုက်သုတ်ပေးပါ
  • ဆီသုတ်ပြီးတာနဲ့ အရသာ နယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • ငါးကင်ရဲ့ တစ်ဖက်ကျက်သွားမှ နောက်တစ်ဖက်ကို လှန်ပေးပါ
  • မကျက်သေးဘဲ လှန်မိပါက ငါးအသားများ ဘတ်လတ်တွေ လန်ကုန်တတ်ပါတယ်
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
Pressure Cooker နှင့်ကင်နည်း
  • Pressure Cooker ကို brown ခလုတ်ကိုနှိပ်ပြီး ၅မိနစ် နာရီ ချိန်ပေးပါ
  • ပြီးတာနဲ့ အိုးထဲကို ဆီသုတ်ပေးပြီး အပူပေးပါ
  • ဆီပူတာနဲ့ ငါးကို အရည်ခွံဘက်မှစပြီး ထည့်ပေးပြီး အဖုံးမအုပ်ဘဲ ကင်ပေးပါ
  • သုံးမိနစ်လောက် ကင်ပေးပြီး အရည်ခွံဖက်မှ ကျက်တာနဲ့ အသားဘက်ကို လှန်ပေးကာ နှစ်မိနစ်ခန့် ကင်ပေးပါ
  • ငါးကင်တစ်ဖက်ကျက်သွားမှ နောက်တစ်ဖက်ကို လှန်ပေးပါ
  • မကျက်သေးဘဲ လှန်ပေးမိပါက ငါးအသားများ ဘတ်လတ်တွေ လန်ကုန်တတ်ပါတယ်
  • ငါးအသား ကျက်ပြီဆိုတာနဲ့ အိုးထဲမှ ဖယ်ပေးပြီး စားပွဲပြင်ပေးပါ
  • ငါးကင်နှင့် အအီပြေ ချယ်ရီခရမ်းချဉ်လေးများကို ပြင်ပေးပြီးတာနဲ့ တောငါးကင် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment