မာမာ ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ကြက်သားစင်းကောနဲ့ ကြော်ချက်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်ဟင်းခါးသီး ကြော်ချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
- ကြက်သားစင်းကော - ထမင်းစားဇွန်း လေးဇွန်းစာခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ညက်အောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း (ဟင်းချက်ရန်)
- ဆီ ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)
- ဆား - လက်ဘက်ရည်ဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)
ကြက်ဟင်းခါးသီးပြုပ်ရန်
- ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
- အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
- ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ဖယ်ထားလိုက်ပါ
- အိုးထဲမှာ ဆီ ရေနှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူတာနဲ့ ကြက်ဟင်းခါးသီးထည့်ပြီး နှစ်မိနစ်ခန့် ပြုပ်ပေးပါ
- ပြီးတာနဲ့ ရေပူများသွန်ပြီး ရေစစ်ထားပါ
ဟင်းချက်ရန်
- ခပ်နုတ်နုတ် စင်းထားသော ကြက်သားကို ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ညက်အောင်ရောပြီး ထောင်းပေးပါ
- အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
- ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ထောင်းထားတာကို နွမ်းပြီး မွှေးသွားတဲ့အထိ ကြော်ပေးပါ
- ကြက်သွန်နံ့ သင်းလာတာနဲ့ ငံပြာရည်ကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ကြက်သားစင်းကောကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ
- ကြက်သား အသားများ မာလာပါက ရေအနည်းငယ်ထည့်ကာ ရေခမ်းတဲ့အထိ ကြော်ပေးပါ
- ကြက်သား ရေခမ်းတာနဲ့ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
- ဆား အရသာမှုန့်တို့ ထည့်မွှေပြီး မွှေပေးပါ
- ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
- ကြက်ဟင်းခါးသီးက ပြုပ်ထားတဲ့အတွက် အကြာပြီး ကြော်စရာမလိုဘဲ နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ကြက်ဟင်းခါးသီးကြော် ပူပူလေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
No comments:
Post a Comment