ဈေးထဲက ၀ယ်လာတဲ့ မုန်လာဥတွေနဲ့ မုန်လာဥမုန့် ( အော်ကွေ့ကြည်) မနေ့က လုပ်ဖြစ်တာနဲ့ ဒီနေ့ပြန်ကြော်ပြီး စားဖြစ်ပါတယ်။
အချဉ်နဲ့ တို့စားရင်း ငယ်ငယ်က မကြာခန သွားစားခဲ့တဲ့ တရုတ်တန်းက မုန့်ဆိုင်လေးတွေကို အလွမ်းဖြေကာ မုန်လာဥ မုန့်လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုန်လာဥဖြူ - 400 g
- ဆန်မှုန့် - 350 g
- ပြောင်းဖူးမှုန့် - 100 g
- ရေ - 2 လီတာ
- ဆား - လဖက်ရည်ဇွန်း ၁ဇွန်း
- သကြား - ထမင်းစားဇွန်း၂ ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်းခွဲ
ပြင်ဆင်ပုံ
- မုန်လာဥကို အခွံခွာပြီး ခြစ်ထားပါ
- ဇလုံတစ်ခုတွင် ခြစ်ထားသော မုန်လာဥ ဆန်မှုန့် ပြောင်းမှုန့် ဆား ဆီ သကြား ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး ရေနှင့်သမအောင်မွှေကာ ဖျော်ထားပြီး နာရီဝက်ခန့် နှပ်ထားပါ
- မုန်လာဥက ကျက်လွယ်တဲ့အတွက် သတ်သတ်စီ ကျိုရန်မလိုပါ
- မုန့်ကျိုပြီး ထည့်မည့်ဗန်းကို ဆီအနည်းငယ်ဖြင့် သုတ်ထားပါ
- အားလုံသမအောင် မွှေပေးပြီးပါက မီးဖိုပေါ်တင်ကာ မီးအေးအေးနှင့် ပျစ်လာအောင် ကျိုပေးပါ
- ကျိုနေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
- ကျိုနေသော မုန့်နှစ်ရည် ပျစ်လာပါက သမအောင် ထပ်မွှေပေးပြီးမှ မီးဖိုပေါ်မှ ချပေးပါ
- မုန့်နှစ်ကို ဆီသုတ်ထားသော ဗန်းထဲလောင်းထည့်ကာ အေအေးခံပေးပါ
- မုန့်နှစ်များ အေးလာပါက ရေခဲသေတ္တာထဲမှာ တညလောက် အအေးခံပြီး လှီးမှသာ မုန့်သားလှီးရတာ ပိုပြီး အဆင်ပြေပါတယ်
- အအေးခံပြီး ရရှိလာသော မုံလာဥမုန့်ကို ဆီပူပူမှာ အနည်းငယ် ကြော်ပေးပြီးပါက ဆယ်ပြီးဆီစစ်ကာ မိမိနှစ်သက်ရာ ပုံစံဖြင့် ပြင်ဆင်ကာ မိမိနှစ်သက်သော အချဉ်နှင့် တွဲဖက်ကာ သုံးဆောင် နိုင်ပါပြီ။
No comments:
Post a Comment