Wednesday 7 April 2021

ငှက်ပျောအူသိမ်းနည်း














ဒီနေ့တော့ ဗီယက်နမ်ဈေးကအပြန် ဝယ်လာခဲ့တဲ့ ငှက်ပျောအူလေးတွေကို ဆေးကြောသန့်စင်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းဖို့ ပြင်ဆင်ဖြစ်ပါတယ်။

ငှက်ပျောအူက မြန်မာပြည်မှာလို လိုချင်တဲ့အချိန် မရသလို ပေါပေါများများ မရလေတော့ ရတုန်းရခိုက်လေး ခပ်များများလေး ဝယ်လာပြီး သိမ်းထားဖြစ်တာမို့လို့ မာမာပြင်ဆင်ပြီး သိမ်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောအူ - နှစ်ပေခန့်
  2. နနွင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  • ငှက်ပျောအူလေးတွေကို အပြင်ခွံ ရင့်နေတဲ့ အပိုင်းလေးတွေကို အရင်ဆုံး ခွာလိုက်ပါ
  • ထိုအပြင်ခွံလေးတွေက ငှက်ပျောပင်ရဲ့ ရင့်တဲ့အပိုင်း ဖြစ်တဲ့အတွက် အကြောတွေကို သေသေချာချာ သင်ပေးပါ
  • အကြောတွေ သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
  • ဇလုံကြီးကြီး တစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဖျော်ပြီး အဆင်သင့် ပြင်ထားပါ
  • အကြောသင်ထားတဲ့ ငှက်ပျောအူလေးတွေက ရင့်တဲ့အတွက် ဓါးပြတ်ပြတ်နဲ့ ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • လှီးပြီးတာနဲ့ ငှက်ပျောအူလေးတွေကို နနွင်းရေထဲမှာ တစ်နာရီလောက် စိမ်ထားပေးပါ
  • နနွင်းရည် စိမ်ထားခြင်းကြောင့် ငှက်ပျောအူမှာ ကပ်နေတဲ့ အစေးတွေ ထွက်သွားသလို ဟင်းထဲထည့်ချက်တဲ့ အခါမှာလဲ အရောင် မည်းမည်းကြီး မဖြစ်တော့ပါဘူး
  • နနွင်းရည် စိမ်ပြီးတာနဲ့ အိုးထဲမှာ ငှက်ပျောအူကို ရေမြုပ်လောက်အောင် ထည့်ပြီး နာရီဝက်လောက် ပြုပ်ပေးပါ
  • အပြင်ခွံက မာကြောကြောလေး ဖြစ်နေတဲ့အတွက် နာရီဝက်ပြုပ်ပေးပါ
  • ပြုပ်နေစဉ် ရေများဝေကျတတ်တဲ့အတွက် အိုးအဖုံးဖွင့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲဲ့ ရေပူများ သွန်ပေးကာ ရေအေးထဲမှာ ဆယ့်ငါးမိနစ်လောက် စိမ်ပေးပြီး ရေများသွန်ကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ လေလုံတဲ့ အိတ်လေးတွေထဲ ထည့်ပေးကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းနိူင်ပါပြီ။
  • နောက်တစ်ခုကတော့ အပြင်ခွံခွာပြီး ကျန်နေတဲ့ အတွင်းပိုင်းလေးတွေကိုလဲ တစ်ဖတ်ခြင်းခွာကာ အကြောတွေ သင်ပေးပါ
  • အကြောတွေ သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
  • ထိုအပိုင်းက ငှက်ပျောအူရဲ့ အနုပိုင်း ဖြစ်တဲ့အတွက် ခပ်ထူထူလေးတွေ လှီးပေးပါ
  • ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကိုထည့်ပြီး ဖျော်ထားပါ
  • နနွင်းရည်ထဲမှာ လှီးထားသော ငှက်ပျောအူများကို တစ်နာရီလောက် စိမ်ပေးပါ
  • နနွင်းရည် စိမ်ပြီးတာနဲ့ အိုးထဲမှာ ငှက်ပျောအူများကို ရေမြုပ်လောက်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငှက်ပျောအူရဲ့ အနုပိုင်း ဖြစ်တဲ့အတွက် မိနစ်နှစ်ဆယ်လောက်ဘဲ ပြုပ်ပေးပါ
  • ငှက်ပျောအူ ပြုပ်နေစဉ် ရေများဝေကျတတ်တဲ့အတွက် အိုးအဖုံးဖွင့်ပြီး ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသောရေများ သွန်ပေးကာ ရေအေးထဲမှာ ဆယ့်ငါးမိနစ်လောက် စိမ်ပေးပြီး ထိုရေများသွန်ကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ လေလုံအိတ်လေးတွေမှာ ထည့်ပေးပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးပြီး သိမ်းထားနိူင်ပါပြီ။
  • မိမိအသုံးပြုတော့မယ် ဆိုရင်တော့ ရေခဲသေတ္တာထဲမှ လေးနာရီလောက် ကြိုတင်ပြီး ထုတ်ထားပါ။

No comments:

Post a Comment