Wednesday 28 April 2021

ခရမ်းသီးထောင်း








ဒီနေ့တော့ ခရမ်းသီး သေးသေးလေးတွေကို နူးနေအောင်ပြုပ်ပြီး ငါးကြော်နဲ့ရောကာ ချဉ်ငံစပ်လေး ထောင်းဖြစ်သွားပါတယ်။ 
ထမင်းစားလို့ မြိန်တဲ့အတွက် စားချင်တဲ့သူတွေ  ထောင်းပြီးစားနိူင်ဖို့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းသီး - အလုံးသေး ခြောက်လုံး
  2. ငါးကြော် - ခပ်ကြီးကြီး တစ်တုံး
  3. ကြက်သွန်နီ - အလုံးသေး လေးလုံး
  4. ကြက်သွန်ဖြူ -  အမွှာကြီးကြီး ခြောက်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နံနံပင် - မိမိနှစ်သက်သလောက်
  9. သံပုရာသီး - နှစ်လုံး
  10. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးများကို ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပြုပ်ပေးပါ
  • ခရမ်းသီးများ နူးနေအောင် ပြုပ်ပြီးပါက ရေစစ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အမွှာလေးတွေ ခွာထားပါ
  • ကြက်သွန်နီကိုလဲ အပေါ်ယံ အခွံထူများ ခွာထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ဒယ်အိုးထဲထည့်ပြီး အပေါ်ယံ အခွံများ ကျွမ်းတဲ့အထိ လှော်ပေးပါ
  • လှော်ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာထားပါ
  • ငရုတ်သီးစိမ်းလှော်များကို အညှာခြွေထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ အရည်ညှစ်ထားပါ
  • ငါးကြော်ကို အရိုးထွင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငါးကြော် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် ဆားတို့ကိုထည့်ကာ အရင်ဆုံး မညက်တစ်ညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးကိုထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  • ထိုအထဲမှာ သံပုရာရည် ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ ခပ်ဖွဖွထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ငရုတ်ကျည်ပွေ့နှင့် ခပ်ဖွဖွဘဲ ထောင်းပေးပါ
  • ပြီးတာနဲ့  နံနံပင် ထည့်မွှေပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ  ရတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပြီး ခရမ်းသီးပြုပ်ထောင်း ချဉ်ငံစပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment