Thursday 15 April 2021

ကြက်ဟင်းခါးညွန့်သုပ်

 








ဒီ နေ့တော့ အိမ်မှာစိုက်ထားတဲ့ ကြက်ဟင်းခါးပင်လေးတွေဆီကကြက်ဟင်းခါးညွန့်လေးတွေ ခူးပြီးတော့ ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ်။

ကြက်ဟင်းခါးညွန့်လေးတွေက ခါးသက်သက် အရသာလေးနဲ့ မို့လို့ အခါးကြိုက်သူတွေအတွက်တော့ စားလို့ကောင်းလွန်းပါတယ် ဒါကြောင့်မို့လို့  ကြက်ဟက်းခါးညွန့်လေးတွေ အဆင်သင့်ရှိနေရင် သုပ်စားနိူင်အောင် မာမာသုပ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အရွက်များ ခြွေထားသော ကြက်ဟင်းခါးညွန့် - အနေတော် ဇကာတစ်လုံး
  2. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ

  • ကြက်ဟင်းခါးရွက်များကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲမှာ နှစ်မိနစ်ပြုပ်ကာ ရေသွန်ပေးပါ
  • နောက်တစ်ကြိမ် ရေနွေးဆူဆူထဲမှာ ထပ်ထည့်ပေးပြီး နောက်ထပ်နှစ်မိနစ် ထပ်ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ကြက်ဟင်းခါးညွန့်ပြုပ် ကြက်သွန်နီ ခရမ်းချဉ်သီး  ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် မန်ကျည်းမှည့်ရည် တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ခါးသက်သက် အရသာလေးနဲ့ ကြက်ဟင်းခါးညွန့် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment