Wednesday 14 April 2021

ငှက်ပျောအူသုပ်

 




မာမာတို့နေတဲ့ NSW ပြည်ဆီနယ်မှာ ကျန်ခဲ့တဲ့ နှစ်ပါတ်ကစပြီး နာရီလဲ တစ်နာရီ နောက်ဆုတ်သွားပြီး ဆောင်းရာသီလဲ ဝင်သွားပါပြီ။

ဒီတော့လဲ ရာသီဥတုနဲ့ လိုက်ဖက်မဲ့ ပူပူစပ်စပ်လေးတွေကို စားချင်တဲ့အတွက် ဒီနေ့တော့ ငှက်ပျောအူသုပ် ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ငှက်ပျောအူသုပ်ကို တစ်ချို့က မပြုပ်ဘဲ အစိမ်းသုပ်ကြပါတယ် မာမာကတော့ အစိမ်းသုပ်ကို သိပ်မကြိုက်တဲ့အတွက် ပြုပ်ပြီးမှ သုပ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောအူ  -  ငှက်ပျောအူ တစ်ပိုင်း (ခြောက်လက်မခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. မျှင်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  5. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခန့်
  6. ရေနွေး - ထမင်းစားဇွန်း လေးဇွန်းခန့် (မန်ကျည်းသီးမှည့် စိမ်ရန်)
  7. ငရုတ်သီးစိမ်း  - မိမိစားနိူင်သလောက်
  8. ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငှက်ပျောအူစိမ်ရန်)
  11. ဆား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ငှက်ပျောအူစိမ်ရန်)
  12. ရေ - လိုသလောက် သုံးပါ (ငှက်ပျောအူစိမ်ရန်နှင့် ပြုပ်ရန်)

ငှက်ပျောအူပြုပ်ရန် ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ဆား ရေနှင့်နနွင်းမှုန့်ထည့်ပြီး အရည်ဖျော်ထားပါ
  • ငှက်ပျောအူကို အဖတ်လိုက်ခွာပြီး ရင့်နေတဲ့ အဖတ်များကို ဖယ်ပေးပါ
  • ပြီးတာနဲ့ တစ်ဖတ်ချင်းမှာ ရှိနေတဲ့ အပေါ်ယံ အကျောများကို သင်ပေးပါ
  • ငှက်ပျောအူဖတ် အပေါ်က အကြောများကို စင်အောင် သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
  • ​ရေဆေးပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးပေးကာ နနွင်းနှင့်ဆားအရည်ဖျော်ထားသော ဇလုံထဲမှာ တစ်နာရီလောက်စိမ် စိမ်ပေးပါ
  • ပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့  ငှက်ပျောအူများကို ထည့်ပေးပြီး ၁၀ မိနစ်လောက် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့  ရေအေးဇလုံထဲမှာ ငှက်ပျောအူများ အေးတဲ့အထိ ရေစိမ်ပေးပြီး ရေညှစ်ကာ ရေစစ်ထားပါ
ငှက်ပျောအူသုပ်ရန် ပြင်ဆင်ပုံ
  • မျှင်ငါးပိကို အပေါ်ယံကျောလေး တင်းလာတဲ့အထိ ကင်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ဒယ်အိုးထဲမှာထည့်ပြီး မွှေးလာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းကို မညက်တညက် အနေအထားလေး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူလေးနှင့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ရေစစ်ထားသော ငှက်ပျောအူများ ကြက်သွန်နီ ပုဇွန်ခြောက်မှုန့်  အရသာမှုန့် မန်ကျည်းမှည့်ရည် ဆား မျှင်ငါးပိ အရသာမှုန့် ငရုတ်သီးစိမ်းထောင်းနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးပါ 
  • အရသာ သမအောင် ခပ်နာနာလေး နယ်ပြီးတာနဲ့ အရသာကို မြည်းပေးပါ
  • ငှက်ပျောအူက အရသာကို စုတ်ယူထားနိူင်တဲ့အတွက် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ငှက်ပျောအူ အသုပ်လေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment