Saturday 1 May 2021

မုံလာဥ ကင်မ်ချီ







မာမာတို့ နေတဲ့မြို့လေးမှာ ရာသီဥတုက အရမ်း အေးလာပါပြီ ရာသီဥတု အေးတဲ့အခါ ဘာစားစား အစာက မကျေသလို ထင်ရပြီး အစားအသောက်လဲ ပျက်ချင်သလို ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အရင်ရက်တွေက လုပ်ထားတဲ့ ခံတွင်းလိုက်ပြီး ချိုချဉ်အရသာ ပါဝင်မဲ့ မုံလာဥကင်မ်ချီ လုပ်ထားတာ ရပါပြီ။

ကင်မ်ချီ လုပ်နည်းတွေက ယူကျူ့မှာ အများကြီး ရှိပေမဲ့ ကိုယ့်ပါးစပ်နဲ့ ခံတွင်းတည့်နိုင်မဲ့ လုပ်နည်းလေးကို သူတို့ဆီက အခြေခံယူပြီး လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန်လာဥဖြူ - 500 g
  2. ကြက်သွန်မိတ် - ငါးပင်
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  6. ချင်းတက် - တစ်လက်မခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ

ပြင်ဆင်ပြုလုပ်ပုံ
  • မုံလာဥကို အခွံခွာပြီး ရေဆေးထားပါ
  • ရေဆေးထားသော မုန်လာဥကို လေးထောင့်အတုံးလေး ရလာအောင် လှီးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ကာ ခပ်နတြ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တစ်လက်မလောက် အနေလေးတွေ လှီးထားပါ
  • ဇလုံကျယ်ကျယ် တစ်ခုထဲမှာ လှီးထားသော မုန်လာဥ  ကြက်သွန်မိတ် ချင်း ကြက်သွန်ဖြူ ဆား သကြားနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့  လေလုံလုံ ဗူးထဲမှာ ဖိသိပ်ပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ အဖုံးအုပ်ကာ အခန်းအပူချိန်အတိုင်း နှစ်ရက်မှ သုံးရက်အတွင်း ထားပေးပါ
  • သုံးရက်လောက်ဆိုရင် ကောင်းကောင်း ချဉ်လာပြီဖြစ်လို့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ပြီး ထားပါက လနှင့်ချီပြီး ထားစားလို့ ရပါတယ်
  • ထမင်းကြော် ခေါက်ဆွဲကြော်များ ထမင်းတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး စားသုံးလို့ ရသလို ကင်မ်ချီ ဟင်းချိုချက်ရာတွင်လဲ အသုံးပြုလို့ ရပါတယ်။

No comments:

Post a Comment