Wednesday 19 May 2021

ကြက်သားလုံး ဟင်းချို



ဒီနေ့တော့ ချမ်းလိုက်တာလဲ ခိုက်ခိုက်တုန်နေပြီး မာမာတို့နေတဲ့ မြို့လေးမှာ ရေတွေ ခဲလို့ နေပါတယ် ဒီတော့လဲ အချမ်းပြေဖို့အတွက် အိမ်မှာအဆင်သင့် ရှိနေတဲ့ မုန့်ညှင်းဖြူ ဂေါ်ဖီနဲ့ ပဲတောင့်ရှည်လေးတွေကို ကြက်သားလုံး  လေးတွေနဲ့ ဟင်းချိုရည်လေး ချက်ဖြစ်ပါတယ်။

 ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း ဟင်းချိုတစ်မယ်အတွက် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင် ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. မုန့်ညှင်းဖြူထုတ် - တစ်စိတ်
  2. ပဲတောင့်ရှည် - ငါးတောင့်
  3. ဂေါ်ဖီ - တစ်စိတ်
  4. ကြက်သားလုံး - ဆယ်လုံးခန့်
  5. ဆား - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ကြက်ပြုပ်ရည် - 3 cups
ပြင်ဆင်ပုံ
  • မုန့်ညှင်းဖြူ ဂေါ်ဖီနှင့် ပဲတောင့်ရှည်တို့ကို ရေလေးခါလောက် ဆေးပေးကာ ရေစစ်ထားပါ 
  • ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်ပြုပ်ရည်နှင့် ကြက်သားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ကြက်ပြုပ်ရည်နှင့်ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သားလုံး ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့်  အသီးအရွက်တို့ကို ထည့်ပေးပြီး ပဲသီးကို ခပ်စိမ်းစိမ်း ရလာအောင် အဖုံးမအုပ်ဘဲ ဆက်တည်ပေးပါ
  • ဟင်းရေ ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment