Monday 3 May 2021

ငရုတ်သီးစိမ်း ငါးပိရည်ဖျော်




မာမာတို့နေတဲ့ NSW ပြည်နယ်ထဲက တောင်ပေါ်မြို့လေးမှာ ကျန်ခဲ့တဲ့ လေးငါးပါတ်လောက်ကစပြီး ဆောင်းရာသီ ဝင်ပြီသွားပါပြီ အစထဲက ယဉ်သကိုး ဆိုသလိုပါဘဲ ဆောင်းစပြီး ဝင်တာနဲ့ အေးချက်က 8ဒီဂရီတွေဘာတွေ ဖြစ်နေတော့ ရာသီဥတု အေးစိမ့်စိမ့်လေးကို စပြီးရင်ဆိုင်ရပါတော့မယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီး အစိမ်းရောင်လေး တွေကိုသုံးပြီး ငါးပိရည် စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ်။

 ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံ ဖျော်စပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေထွင်ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံအခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ထုတ်များကိုလဲ ရေဆေးကာ ဒယ်အိုးထဲမှာ ရေမြုပ်ရုံလေး ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ အခွံများ ခွာထားပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ ပုဇွန်ထုတ်နှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် ထောင်းပေးထားပါ
  • ပြီးတာနဲ့ ကျိုပြီးအရိုးစစ်ထားသော ငါးပိရည် ပန်းကန်ထဲသို့ အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနှင့် ထောင်းထာသော ပုဇွန်ထုတ် ငါးပိရည်ဖျော်ကို ထည့်ဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment