Wednesday 11 January 2023

ဝက်နံရိုး မျှစ်ချဉ်ဟင်း

 



ဒီနေ့တော့ ဝက်နံရိုးနဲ့ မျှစ်ချဉ်ကို ချက်ပါမယ် မျှစ်ချဉ်နဲ့ အသားရောပြီး ချက်လေတိုင်း အသားက အရသာ နည်းသွားပေမဲ့ မျှစ်ချဉ်က အရသာ အရမ်းရှိတာမို့လို့ မျှစ်ချဉ်ကို ပိုပြီး ထည့်ထားပါတယ်။

စားမဲ့ လူဦးရေ နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ချဉ် - 1 kg
  2. ဝက်နံရိုး - 500 g 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  11. ဆန်ဆေးရည် - မျှစ်ချဉ်မြုပ်လောက်အောင် ဆန်ဆေးစဉ် ယူထားပါ

ပြင်ဆင်ပုံ
  • ဝက်နံရိုးများကို အတုံးလိုက် ရေဆေးပြီးမှ ရေစစ်ကာ အနေတော် တုံးထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
  • မျှစ်ချဉ်ကို အချဉ်ပေါ့စေရန်နှင့် အဆိပ်အတောက် ပြေစေရန် ဆန်ဆေးရည်နှင့် မြုပ်အောင်ထည့်၍ တစ်နာရီလောက် စိမ်ထားပြီးမှ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် ဝက်နံရိုးကို ဆီနိုင်နိုင် သတ်ပေးပြီးမှ ချက်ပေးပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်နံရိုးကိုထည့်ပြီး ဆီသတ်ပါ
  • ဝက်နံရိုးများ ထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
  • ဝက်နံရိုးများ လုံးမိစေရန် ရေအနည်းငယ် ထည့်ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ဝက်နံရိုးများ အရောင်ပြောင်းလာပြီး လုံးမိပြီဆိုတာနဲ့ မျှစ်ချဉ်များထည့်ပြီး ၂ချက်လောက် သမအောင် မွှေလိုက်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • မျှစ်ချဉ်က အငံများတဲ့အတွက် အငံအရသာကို ချင့်ချိန်ပြီးထည့်ပေးပါ
  • မျှစ်ချဉ်ဟင်းရည် ပထမ တစ်ရည်ခမ်းအောင် တည်လိုက်ပြီး နောက်တစ်ရည် မြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာပြီ ဆိုတာနဲ့ မျှစ်ချဉ်နံ့ မွှေးနေတဲ့ ဝက်နံရိုး မျှစ်ချဉ်ဟင်းကို စားသုံးနိူင်သလို မီးကိုလျှော့လိုက်ပြီး မီးမျှင်းမျှင်းနဲ့ တစ်နေကုန် တည်ထားပြီး စားပါက ပိုပြီးစားကောင်းတဲ့ ဝက်နံရိုး မျှစ်ချဉ်ဟင်းကို အရသာရှိစွာ စားသုံးနိူင်ပါပြီ

No comments:

Post a Comment