Sunday 15 January 2023

အမဲအကြောဟင်း

 


ဒီနေ့တော့ အမဲသား အကြောလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ဆီပြန်လေး ချက်ဖြစ်ပါတယ် အမဲအကြော တို့ရဲ့ သဘာဝက ချက်ရတာ နည်းနည်းတော့ ကြာတတ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အကြောဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲအကြော - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲ အကြောများကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲအကြောများကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
  • ရေဆေးပြီးသော အမဲအကြော ဆား ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲ အကြောများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • အမဲ အကြောများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
  • အမဲ အကြောများ နူးတဲ့အထိ ရေထပိထပ်ထည့်ပြီး တည်ပေးပါ
  • ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ အမဲ အကြောဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

2 comments:

  1. အမဲအကြောကိုဘယ်လိုမေးဝယ်ပသလဲ။ ကျေးဇူးပါ။

    ReplyDelete
    Replies
    1. Beef sinews vein လို့ မေးဝယ်ရင် ရပါတယ်။

      Delete