ဒီနေ့တော့ ဝက်သားသုံးထပ်သားလေးတွေ ဝယ်လာပြီး ဝက်သားပေါင်းလေး လုပ်ဖြစ်ပါတယ် ထမင်းနဲ့လဲ လိုက်ဖက်သလို ကြာဆံဆီချက် ခေါက်ဆွဲဆီချက်လေးတွေ လုပ်စားရင်လဲ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဝက်သား သုံးထပ်သား - 500 g
- ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ချင်း - လက်တစ်ဆစ်ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ - ခပ်သေးသေး ငါးလုံး
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ဝက်သားများကို ရေစင်အောင်ဆေးပြီး ခရုဆီ ပဲငံပြာရည် ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ
- ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
- အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိူင်မည့် ပန်းကန်လုံးထဲမှာ အရသာ နယ်ထားသော ဝက်သား ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပေးပါ
- ပေါင်းအိုးထဲမှာ ရေကို အနေတော်ထည့်ပြီး သံဇကာ အောက်ခံခုံ အခင်းကို ထည့်ပေးပါ
- ထိုသံဇကာ အောက်ခံခုံပေါ်မှာ ဝက်သား ပန်းကန်ကို တင်ပေးပါ
- ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဝက်သား ပန်းကန်ထဲ မ၀င်စေရန် ဝက်သား ပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးရမည်ကို သတိပြုပါ
- ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ဝက်သားများ နူးအိလာတဲ့အထိ ပေါင်းပေးပါ
- ဝက်သား ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
- ဝက်သား ပေါင်းနေစဉ် ပေါင်းဇကာ အောက်မှာ ထည့်ထားတဲ့ ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ ရေနည်းနေပါက ထပ်ဖြည့်ပေးပါ
- ပြီးတာနဲ့ ဝက်သားအသားများ နူးအိသွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
- ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
- ဝက်သားပေါင်း ချိုချိုလေးကို မိမိတို့ နှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment