Saturday 31 December 2022

ဒံပေါက်ကြက်သားဟင်း








ဒီနေ့တော့ ကြက်သားကို ဒိန်ချဉ်နဲ့နှပ်ပြီး ချက်ပါတယ် ကြက်သားချက်တဲ့အခါ မာမာကတော့ ပုံမှာပါတဲ့ တံဆိပ်ကိုဘဲ သုံးပါတယ်။

ဈေးသက်သာတဲ့ ကြက်သားတွေက ချက်ပြီးရင်လဲ ဖုံပွပွကြီးနဲ့မို့လို့ စားလို့မကောင်းပါဘူး မာမာအခုချက်တဲ့ ကြက်သားက ချက်ပြီးတဲ့အခါမှာ အသားက ကျစ်ကျစ်လစ်လစ်လေးနဲ့မို့လို့ စားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဒံပေါက်ကြက်သားဟင်း ချက်ထားတဲ့ နည်းအတိုင်း ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
(ကြက်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
  1. ကြက်ပေါင်သား - တစ်ကီလို
  2. ကြက်သွန်နီကြော် - ထမင်းစားဇွန်း သုံးဇွန်းခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4. ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5. ကရဝေးရွက် - လေးရွက်
  6. ဖာလာစေ့ - ၄စေ့
  7. လေးညှင်း - ၄ပွင့်
  8. နာနတ်ပွင့် - သုံးခု
  9. နံနံစေ့ - အစေ့နှစ်ဆယ်ခန့်
  10. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
  11. သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
  12. နံနံပင် လှီးပြီးသား - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  13. ပူစီနံ လှီးပြီးသား - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  14. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  15. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
  16. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
  17. ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
  18. ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
  19. ကြက်သားကို ရေဆေးကာ ဇလုံတစ်လုံးထဲမှာထည့်ပြီး ပါဝင်ပစ္စည်း အားလုံးထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  20. ပြီးတာနဲ့ cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
  21. နောက်နေ့မနက်မှာ အရသာ နယ်ထားသော ကြက်သားကို အိုးတစ်လုံးထဲမှာ ထည့်ပေးပါ
  22. ပြီးတာနဲ့ ဇလုံမှာ ကပ်နေသော အရသာ အနှစ်များကို ရေအနည်းငယ်နှင့် ကျင်းပေးကာ ကြက်သားအိုးထဲကို ထည့်ပေးပါ
  23. ကြက်သားအိုးကို အဖုံးအုပ်ပေးပြီး အိုးမကပ်စေရန် မီးအနေတော်နဲ့ ချက်ထားပေးပါ
  24. ကြက်သားဟင်း ချက်ထားစဉ် အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်လှုပ်ပေးပြီး လုံးရည်လေး ခမ်းလာတာတဲ့ ကြက်သားများ မြုပ်တဲ့အထိ ရေထည့်ပြီး အဖုံးအုပ်ကာ ရေမခမ်းတစ်ခမ်း အနေအထား ရလာအောင် ချက်ပေးပါ
  25. ကြက်ပေါင်သားကို ချက်တဲ့အတွက် ကြက်သားအထဲထိ ကျက်စေရန် နောက်ထပ်တစ်ရည် ထပ်ထည့်ကာ ဆက်ပြီးချက်ပေးပါ
  26. နောက်ထပ်ထပ်ထည့်သော ရေများမခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  27. ပြီးတာနဲ့ အရသာ ရှိလွန်းတဲ့ ကြက်သား ဟင်းအိုးထဲမှ ရေအရမ်း မခမ်းခင် မီးပိတ်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment