ရှမ်းခေါက်ဆွဲလို့ အမည်တပ်ပေမဲ့ မာမာချက်တာ ရှမ်းစာစစ်ချင်မှ စစ်ပါလိမ့်မယ် အနီးစပ်ဆုံး တူအောင်လို့တော့ ချက်ထားပါတယ်။
ကိုယ်စားဖူးတဲ့ အရသာရယ် ရှမ်းအစား အစာတွေ မျှဝေတဲ့ ဂရုထဲကနေ ချက်နည်းကြည့်ပြီး ချက်ထားတာပေမဲ့ စားလို့အရမ်း ကောင်းပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ရှမ်းခေါက်ဆွဲ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ (ကြက်သားဟင်းချက်ရန်)
- ကြက်ရင်ပုံသား - 500 g
- တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခရမ်းချဉ်သီး - အလုံးခပ်ကြီးကြီး ငါးလုံး
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် သုံးလုံး
- ပဲငပိ - ထမင်းစားဇွန်း လေးဇွန်း
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဟင်းချက်ရန် ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ဆား နနွင်းမှုန့် အရသာမှုန့်နှင့် တရုတ်မဆလာတို့ထည့်ပေးကာ အရသာဝင်အောင် နယ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ကြိတ်စက်ထဲမှာ ညက်နေအောင် ကြိတ်ပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပြီး အိုးထဲမှာ ဆီထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ ကြိတ်ထားသော ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို တစ်ခါထဲထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ကျေလာတဲ့အထိ မွှေပေးပြီး ဆီသတ်ပါ
- ခရမ်းချဉ်သီများး ကျေလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပြီး ဆီသတ်ပါ
- ကြက်သားများ အသားများ မာတင်းလာပြီး အရောင်ပြောင်းလာမှ ပဲငပိကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သားများ နူးလာအောင် တည်ပေးပါ
- ကြက်သားများ နူးလာပြီး ရေမခမ်းခင် အချိန်မှာ အရသာမြည်းကာ လိုသလိုပြင်ပြီး မီးပိတ်ထားကာ လက်ကျန်အပူနှင့် ဟင်းအိုးကို မီးဖိုပေါ်မှာ ထားပေးပါ
- ဒါဆိုရင်တော့ ရှမ်းခေါက်ဆွဲထဲ ထည့်စားဖို့အတွက် ကြက်သားဟင်း မွှေးမွှေးလေးကို ရပါပြီ။
မြေပဲလှော်ထောင်းရန်
- မြေပဲလှော် ထမင်းစားဇွန်း ငါးဇွန်းခန့်ကို အခွံခွာပြီး သန့်စင်ထားပါ
- ပြီးတာနဲ့ မညက်တစ်ညက် အနေအထားလေး ရလာအောင် ထောင်းထားပါ
ဆန်စီးခေါက်ဆွဲပြုပ်ရန်
- ဆန်စီးခေါက်ဆွဲခြောက် 370 gကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိတ်ထားပါ
- ရေစိမ်ထားသော ဆန်စီးခေါက်ဆွဲ ရေနွေးဆူဆူထဲမှာ ထည့်ပေးပြီး အနေတော်လေး ပျော့လာတဲ့အထိ ပြုပ်ပေးပါ
- ဆန်စီးခေါက်ဆွဲများ ပျော့လာပါက ဇကာထဲ သွန်ချ၍ ရေနှင့် ၂ခါလောက် ဆေးပေးပြီး ရေစစ်ထားပါ
ငရုတ်သီး ကြော်ရန်
- ငရုတ်သီး လုံးခြမ်းကွဲကိုကြော်ရန် ဆီ ထမင်းစားဇွန်း သုံးဇွန်းကို အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ငရုတ်သီး လုံးခြမ်းကွဲ ထမင်းစားဇွန်း လေးဇွန်းကို ထည့်မွှေပါ
- နီနီညိုရောင် သန်းလာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
နှမ်းဆီချက် ချက်ရန်
- ဆီထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နှမ်းဖြူ ထမင်းစားဇွန်း လေးဇွန်းလောက်ကို ဆီထဲထည့်မွှေပါ
- နှမ်းစေ့များ ဝါရောင်သန်းလာတာနဲ့ ပန်းကန်တစ်လုံးထဲထည့်ပြီး အအေးခံထားပါ
ဟင်းခါးရည်ချက်ရန် ပါဝင်ပစ္စည်းများ
- ကြက်ရိုး - 150 g
- ချင်း - တစ်လက်မခန့်
- ရှောက်ကော - ခပ်သေးသေး တစ်လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ရေ - လိုသလောက် သုံးပေးပါ
ဟင်းခါးချက်ပုံ
- ကြက်ရိုး 150 g ကို ရေစင်အောင် ဆေးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဆား အရသာမှုန်းနှင့် ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
- ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေ ပွက်ပွက် ဆူလာတာနဲ့ ရှောက်ကော ကြက်ရိုးများနှင့် ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
- ကြက်ရိုးပြုပ်နေစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ
- ကြက်ပြုပ်ရည် မခမ်းခင် ရေကိုလိုသလောက် ထပ်ထည့်ပြီး အရသာမှုန့်နှင့် ဆားတို့ကို ထည့်ပြုပ်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သွန်ဖြူ နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထည့်ပါ
- ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ငရုတ်ကောင်းမှုန့် ထည့်ပြီး မီးနွေးနွေးနှင့် တည်ထားပါ
မုန့်ပွဲပြင်ဆင်ပုံ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါး အနေတော်လေးတွေ လှီးပေးပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇောက်နက်သော ပန်းကန်တစ်လုံးထဲ ဆန်စီးဖတ်ကို တစ်ပွဲစာလောက် ထည့်ပေးပါ
- ချက်ထားသော ကြက်သားကို ဟင်းအနှစ်နှင့် အသားတို့ကို မျှတအောင် ထည့်ပေးပါ
- ကြက်သွန်မိတ် မြေပဲထောင်းနှင့်နှမ်းဆီချက် ငရုတ်သီးဆီချက်ကို ထမင်းစားဇွန်း တစ်ဇွန်းစီ ထည့်ပေးပါ
- ငရုတ်သီးကြော် ကြိုက်ပါက စားနိူင်သလောက် ထည့်ပေးပါ
- ဟင်းခါးရည်နှင့် တွဲဘက်ပြီး စားသုံးရန် အဆင်သင့် ဖြစ်နေတဲ့ ရှမ်းခေါက်ဆွဲကို စားသုံးရန် ရပါပြီ။
- ရှမ်းခေါက်ဆွဲကို အရည်လေးနဲ့ ကြိုက်ပါက ဟင်းခါးရည် ဆမ်းပေးကာ နယ်ဖတ်ပြီး စားသုံးနိူင်သလို အရည်နှင့် မကြိုက်ပါက ဟင်းခါးရည် မထည့်ဘဲ စားသုံးနိူင်ပါတယ်ရှင်။
No comments:
Post a Comment