ဒီနေ့တော့ ညထဲက ဆန်ကြာဇံလေးတွေကို ရေစိမ်ထားပြီး အသီးအရွက်လေးတွေနဲ့ ကြော်ပါတယ် ထမင်းလွတ် စားကြတာမို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဆန်ကြာဇံကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဆန်ကြာဇံ - 150 g
- ပန်းဂေါ်ဖီ - အခက်ကြီးကြီး နှစ်ခက်
- ဂေါ်ဖီ - တစ်စိတ်ခန့်
- မုံလာဥနီ - အနေတော် တစ်ဥ
- ဘရော့ကိုလီ - အခက်ကြီးကြီး နှစ်ခက်
- တရုတ်နံနံ - အပင်သေး နှစ်ပင်ခန့်
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - နှစ်ဇွန်း
- ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်ဥ - တစ်လုံး
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီလောက် စိမ်ထားပါ
- ကြာဇံကြော်ရန် အဆင်သင့်ဖြစ်ပါက ရေစိမ်ထားသော ကြာဇံကို ရေဆေးပြီး ရေစစ်ထားပါ
- ပန်းဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
- ဘရော့ကိုလီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
- ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- တရုတ်နံနံကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ကြက်ဥကို ဇလုံထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
- ဇလုံတစ်လုံးထဲမှာ ဆား ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် နှမ်းဆီမွှေးနှင့် အရသာမှုန့်တို့ကို သမအောင် မွှေထားပါ
- ပါ၀င်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥကျက်တာနဲ့ မုံလာဥနီ ဘရော့ကိုလီ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို တစ်မိနစ်လောက် ထည့်ကြော်ပါ
- အသီးအရွက်များ ထည့်ပြီးတာနဲ့ ရောပြီး မွှေထားသော အရသာ အရည်ကို ထည့်ပေးကာ အသီးအရွက်များ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
- ပြီးတာနဲ့ ကြာဇံထဲ့ပြီး မွှေပေးကာ ကြာဇံပျော့လာတဲ့အထိ မွှေပေးပါ
- အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံနှင့် ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး အားလုံးကို အရသာ သမအောင် ရောမွှေကာ မီးပိတ်ပေးပါ။
- အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့ ဆန်ကြာဇံကြော်လေးကို မိမိနှစ်သက်သလို ပြင်ဆင်ပေးလို့ ရပါပြီ။
No comments:
Post a Comment