ဆောင်းရာသီ ၀င်လာခဲ့ပြီဆိုတော့ ပူပြီးစပ်နေတဲ့ ဟင်းလေးတွေ စားချင်စိတ်က ပေါ်လာခဲ့ပြန်တယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပူပြီးချဉ်ငံစပ်နေတဲ့ မျှစ်ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်သွားတယ် ချက်ရတာ အရမ်းလွယ်ပြီး ဆီမပါတဲ့ ဟင်းလေးမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မျှစ်နုနု - တစ်ထုတ် (500 g )
- ပုစွန်ထုတ် - အကောင်ကြီးကြီး သုံးကောင်
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- နံနံပင် - နှစ်သက်သလောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပြုပ်ပြီးသား မျှစ်နုနုများကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုပ်ပေးပါ
- မျှစ်နုများက တခါတရံ ခါးသက်တတ်တဲ့အတွက် ပထမ တစ်ရည်ဆူပြီးပါက သွန်ပြစ်ကာ နောက်တစ်ရည် ထပ်ထည့်ပြီး ဆူအောင်တည်ကာ ရေဆေးထားပါ
- အရသာ ၀င်စေရန် နည်းနည်းရင့်နေတဲ့ အရင်းပိုင်းလေးတွေ အပေါ်မှ ဓါးချွန်လေးနှင့် လေးစိတ် ဓါးရာပေးကာ ဖောက်ပေးပါ
- ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး လှော်ကာ အခွံခွာထားပါ
- ငရုတ်သီးစိမ်း ပုဇွန်ငပိ ပုဇွန်လှော်တို့ကို ရေမြုပ်အောင်ထည့်ပြီး ငရုတ်သီးစိမ်း နူးအောင် ပြုပ်ပေးပါ
- ငရုတ်သီးစိမ်း နူးလာတာနဲ့ ပုဇွန်နှင့် ငရုတ်သီးစိမ်းများကို အရည်စစ်ပေးကာ ရောပြီးထောင်းပေးပါ
- နံနံပင်ကို ရေဆေးပေးထားပါ
- မန်ကျည်းမှည့်အနှစ်ကို ပြင်ထားပေးပါ
- မျှစ်အိုးထဲကိုနနွင်းမှုန့် အရသာမှုန့် ငရုတ်သီးစိမ်း ပြုပ်ထားသော အရည် ထောာင်းထားသော ပုဇွန်ငရုတ်သီးစိမ်းထောင်း ငံပြာရည်နှင့် ရေတို့ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ မကျည်းမှည့်အနှစ်ထည့်ကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ရေအနေအထား လိုချင်သလောက် ရပြီဆိုတာနဲ့ နံနံပင်အုပ်ကာ ပူပူစပ်စပ် ချဉ်ငံစပ်နေတဲ့ မျှစ်ချဉ်ငံစပ်ချက် ဟင်းပွဲကို ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment