Friday, 28 April 2017

ငါးမြင်း ငါးဆားနယ်ကြော်




ဒီနေ့တော့ ငါးမြင်းငါးဆားနယ်လေး လုပ်ထားတာ ရလာပြီဖြစ်လို့ ငါးဆားနယ်လေး ကြော်ပါမယ်။
ငါးမြင်းလို့နံမည်တပ်ပေမဲ့ မြန်မာပြည်မှာ မွေးမြူရေးငါးတန်ကို ငါးမြင်းလို့ နံမည်တပ်တယ်ဘဲ ထင်ပါတယ် ငါးမြင်းအစစ်က ငါးအသားက အဝါရောင်ဘက်ကိုသန်းပြီး စားရတာ ပိုပြီးနူးညံ့ပါတယ်။

ငါးတန်ငါးကတော့ အနံ့သိပ်မကြိုက်တဲ့အတွက် ချက်စားရတာထက် ငါးဆားနယ်လုပ်ပြီး ကြော်စားရတာ ပိုပြီးကောင်းပါတယ် ဒါကြောင့်မို့လို့ ငါးဆားနယ်လုပ်ကာ ကြော်ထားတဲ့ ငါးဆားနယ် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြင်း (ငါးတန်) - တစ်ကီလို
  2. ဆီ - စားပွဲတင်ဇွန်းကြီး ၂ဇွန်း
  3. ငရုတ်သီးအခြောက်တောင့် - နှစ်သက်သလောက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်း
ငါးဆားနယ်လုပ်ရန်
  1. ငါးကိုအကောင်လိုက် ရေဆေးပြီး အနေတော် ပိုင်းပေးပါ။
  2. ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  3. ပန်းကန်ပြား သို့မဟုတ် ဇလုံတစ်ချပ်ခံပြီး ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  4. ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  5. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ပန်းကန်တခု ထပ်ခံပေးထားပါ။
  6. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  7. ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ငါးဆားနယ် ရပါပြီ။

ကြော်ရန်အတွက်
  • ငါးဆားနယ်ကို ဆားအငံ ပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး ပေါ့စေချင်ရင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ။
  • ငရုတ်သီး အခြောက်တောင့်တို့ကို ပြင်ထားပါ။
  • ဆီကိုဒယ်အိုးထဲမှာ ထည့်ပေးပြီး မီးအလယ်အလတ်လောက်နဲ့ အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။
  • ပြီးတာနဲ့ ငါးဆားနယ်ကို ထဲ့ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ။
  • နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ ပိုသောဆီကို ဖယ်ပေးပြီး ဒယ်အိုးထဲမှာ အနည်းငယ်ချန်ထားကာ မီးပိတ်ပေးပါ။
  • မီးဖိုမှ လက်ကျန်အပူရှိန်နှင့် ထိုဆီထဲသို့ ငရုတ်သီးတောင့်ကိုထဲ့ကာ ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
  • ပြီးတာနဲ့ငါးဆားနယ်ကြော်နှင့် ငရုတ်သီးတောင့်ကြော်ကို ပန်းကန်ထဲထည့်ကာ ပြင်ပေးပြီး ဒန့်ဒလွန်ရွက်ဟင်းခါး ဒန့်ဒလွန်ရွက် အရွက်နုလေးများ ပြုပ်ကာ တွဲဖက်၍ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment