ဒီနေ့တော့ ဆိတ်သားဝယ်တိုင်း အသားမှာ ကပ်ပါလေ့ရှိတဲ့ အသားနဲ့တွဲရက် အရွတ်လေးတွေကို သတ်သတ်ဖယ်ပေးကာ ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်အရွတ် - 500 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
- Ready made ခရမ်းချဉ်သီးဗူး - 400 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- ဆိတ်အရွတ်များကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- တုံးထားသော ဆိတ်အရွတ်များကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
- ရေဆေးပြီးသော ဆိတ်သားကို ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
- စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
- Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
ချက်ပြုပ်ပုံ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဆိတ်အရွတ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
- ဆိတ်အရွတ်များ မာလာတော့မှ လှီးထားသော ခရမ်းချဉ်သီး သို့မဟုတ် ready made ဗူးကို ထည့်ပြီးလှိမ့်ပေးပါ
- မကြာမကြာ မွှေပေးပြီး ခရမ်းချဉ်သီးများ ကျေလာတဲ့ထိ မွှေပေးပါ
- ခရမ်းချဉ်သီး ကျေတာနဲ့ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
- ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားအရွတ်ဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment