ဆယ့်နှစ်မျိုး ဟင်းချိုလို့ ပြောလိုက်တိုင်း အလှူထမင်း အလှူဟင်းလေးတွေကို ပြေးပြီးသတိရမိပါတယ် ဒီတော့လဲ ဆယ့်နှစ်မျိုး ဟင်းချိုနဲ့ လိုက်ဖက်တဲ့ ငါးပိချက်လေးကိုလဲ စားချင်မိပြန်တာပါဘဲ။
ဆယ့်နှစ်မျိုးဟင်းချို ချက်နည်းတွေ အမျိုးမျိုး ရှိကြတဲ့ အထဲက အိမ်တစ်အိမ်ရဲ့ မီးဖိုဆောင်မှာ အလွယ်တစ်ကူရနိုင်မဲ့ ပစ္စည်းလေးတွေနဲ့ သောက်လို့ကောင်းအောင် ချက်ထားတဲ့ နည်းလေးနဲ့ ဒီနေ့တော့ ၁၂မျိုးဟင်းချို အလွယ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရိုး - 450 g
- ဗူးသီး - တစ်စိတ်
- မုန်လာဥ အဖြူ - တစ်ဥ
- ဂေါ်ဖီ - တစ်စိတ်
- ပန်းဂေါ်ဖီ - ငါးခက်ခန့်
- မုန်ညင်းဖြု - နှစ်ရွက်ခန့်
- ပဲလိပ် - နှစ်ရွက်ခန့်
- ကြက်သွန်နီ - ဥသေးသေး ငါးဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ခြောက်မွှာ
- ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပဲပြား - အနေတော် တစ်တုံး
- ပဲကြာဇံအခြောက် - လက်တစ်ဆုတ်စာ
- ချင်း - ခပ်ပါးပါး နှစ်ပြား
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ကြက်ရိုးများကို ရေဆေးပြီး အနေတော် ခုတ်ပေးကာ ငါးငံပြာရည် အနည်းငယ်နှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ကြက်ပြုပ်ရည်အိုး ဆူလာတာနဲ့ ရေအပေါ် တက်လာသော အရည်မည်းမည်းများကို ခပ်ပြီးသွန်ပေးပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
- ဗူးသီးကို အခွံခွာကာ ရေဆေးပြီး လက်တစ်လုံးသာသာ လောက်လေးတွေ လှီးပေးထားပါ
- ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
- မုံလာဥ ပန်းဂေါ်ဖီ တရုတ်မုန်ညှင်းဖြူ ဂေါ်ဖီတို့ကို ရေဆေးပြီး အနေတော် လှီးထားပါ
- ပဲကြာဇံ ပဲလိတ် ကြွက်နားရွက်မှိုတို့ကို သတ်သတ်စီ ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပါ
- ပဲပြားကို ရေဆေးပြီး အနေတော် လှီးထားပါ
- ကြက်ရိုးပြုပ်ရည် အရမ်းမခမ်းသေးခင် အိုးထဲကို ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးခွဲစာ လောက် ထည့်ပေးပါ
- ထိုအိုးထဲကို ချင်း ဆား ငါးငံပြာရည် အရသာမှုန့်နှင့် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ တို့ကိုထည့်ပြီး ရေဆူအောင် တည်ပေးပါ
- ဟင်းရည်အိုး တည်ထားတုန်း ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာအောင် ထည့်ကြော်ပါ
- ကြက်သွန်ဖြူနံ့ မွှေးလာတာနဲ့ ဗူးသီးနှင့် အရွက်များ ထည့်ပေးပြီး နည်းနည်းနွမ်းအောင် ကြော်ပေးပါ
- ပြီးတာနဲ့ ကြက်ပြုပ်ရည် အိုးထဲကို အရွက်များ ပဲပြားအတုံးလေးများကိုထည့်ပြီး ဟင်းရည်ဆူအောင် တည်ပေးပါ
- ဟင်းရည် ပွက်ပွက်ဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံ ပဲလိတ် ကြွက်နားရွက်မှို ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပုဇွန်ခြောက် ငါးပိချက် တို့စရာတို့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
- ငါးဖယ်လုံး ငုံးဥနှင့် လိုက်ဖက်မည့် အသီးအရွက်များကို ထပ်မံဖြည့်စွက်ကာ အဆင်ပြေပါက ထည့်ချက်နိုင်ပါတယ်။
No comments:
Post a Comment