ဒီနေ့တော့ ကြက်ဟင်းခါးသီးကို မြေပဲလှော် အုန်းသီးတို့နံ့ စိမ့်စိမ့်မွှေးမွှေး အရသာလေး ရလာအောင် ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ သတ်သတ်လွတ် ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ဟင်းခါးသီး အကျစ်သီး - အနေတော် လေးလုံး
- မြေပဲလှော်ပြီးသား - ထမင်းစားဇွန်း ၇ဇွန်း
- အုန်းသီးခြစ်ပြီးသား - ထမင်းစားဇွန်း ၇ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
- ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
- အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
- ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ပြစ်လိုက်ပါ
- လှော်ပြီးသာ မြေပဲကို ညက်နေအောင် ကြိတ်ပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
- အားလုံး အဆင်သင့် ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
- ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ထောင်းထားသော မြေပဲနှင့် အုန်းသီးတို့ကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ မိနစ်ဝက်လောက် ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
- ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေအနေတော်လောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
- ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
- ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မြေပဲအရသာ စိမ့်စိမ့်လေးနဲ့ အုန်းသီးနံ့လေးသင်းနေတဲ့ ကြက်ဟင်းခါးသီးဟင်း စိမ့်စိမ့်စပ်စပ်လေးကို စားသုံးရန် ပြင်ဆင်ပေး နိူင်ပါပြီ။
No comments:
Post a Comment