ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ဝက်သား သုံးထပ်သားလေးနဲ့ ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
- ဝက်သားသုံးထပ်သား - မိမိနှစ်သက်သလောက် သုံးပေးပါ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
- ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ မထူမပါးလေးတွေ လှီးပေးပါ
- အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
- ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ပြစ်လိုက်ပါ
- ဝက်သားကို ရေဆေးကာ လက်နှစ်လုံးလောပ် အတုံးလေးတွေ တုံးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
- အားလုံး အဆင်သင့် ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
- ပြီးတာနဲ့ ဝက်သားကို ထည့်ကြော်ပေးပါ
- ဝက်သား အသားလေးတွေ မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
- အသားထဲမှ ရေခမ်းလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားတဲ့အထိ ထည့်ကြော်ပေးပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ကြက်ဟင်းခါးသီးကို ထည့်မွှေပေးပါ
- ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေအနည်းငယ်ထည့်ကာ အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
- ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
- အိုးထဲမှာ ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ဝက်သား ကြက်ဟင်းခါးသီးဟင်းကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။
No comments:
Post a Comment