သရက်သီးခြောက်လေးတွေ လှမ်းထားတာ အခုလိုရာသီးမျိုးမှာ အရမ်းဘဲ အသုံးဝင်ပါတယ် ယိုထိုးစားမလား ဟင်းချက်စားမလား ငါးပိချက်လေး ချက်စားမလား အရမ်းကို အစဉ်ပြေတဲ့ သရက်သီး ခြောက်လေးတွေပါ ဒီနေ့တော့ သရက်သီးခြောက်ကို ထန်းလျှက်ခဲနဲ့ ယိုထိုးနည်းလေး မျှဝေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီးခြောက် - 350 g
- ထန်းလျှက်ခဲ - 200 g (အချိုကြိုက်ပါက ပိုထဲ့ပေးပါ)
- ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
- လေးညှင်း - ၂ပွင့်
- ဖာလာ - ၂ခု
- စမုံစပါး - အနည်းငယ်
ပြင်ဆင်ပုံ
- သရက်သီးခြောက်ကို ရေနှင့်တထပ်လောက် ဆေးပေးကာ ပေါင်းဇကာထဲထည့်ပြီး ရေနွေးဆူဆူနှင့် တစ်နာရီလောက် ပေါင်းပေးပါ
- သရက်သီးခြောက်များ ပျော့လာပါက ပေါင်းအိုးကို မီးပိတ်ထားပါ
- လေးညှင်း ဖာလာ စမုံစပါးတို့ကို မီးအေးအေးနှင့် မွှေးလာအောင် လှော်ထားပါ
- ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတကျ ကျိုပါ
- ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးအသန့်တလုံးထဲ ပြန်ထည့်ပါ
- ထန်းလျှက်ရည်ထဲသို့ပေါင်းထားသော သရက်သီးများ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါးတို့ထည့်မွှေပေးပြီး ထန်းလျှက်ရည် ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ
- ထန်းလျှက်ရည် ခမ်းလာကာ သရက်သီးခြောက်ယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment