ဟင်းချက်ဖို့ စဉ်းစားလို့ မရတဲ့ရက်တွေမှာ ဈေးမှာပါတ်ချာလည်နေရင်း ကြံရာမရတဲ့အဆုံး တွေ့တာတွေ ခြင်းထဲကောက်ထည့်လာရတာမျိုးလဲ ဖြစ်တတ်ပါတယ်။
ဒီနေ့တော့ အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တခါတလေ စားဖြစ်တဲ့ အမဲနှစ်လုံးလေးတွေ ဝယ်လာကာ ကြက်သွန်ဖြူ စပါးလင် ချင်းတို့နဲ့ ပြုပ်ကာ အချဉ်ရည်လေးစပ်ပြီး စားဖြစ်တဲ့အတွက် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲနှစ်လုံး - နှစ်ခု
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ချင်းခပ်ပါးပါး - လေးပြား
- စပါးလင် -နှစ်ပင်
- ကြက်သွန်ဖြူ - အလုံးလိုက် နှစ်ဥ
အချဉ်ရည်စပ်ရန်
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
- သံပုရာရည် - စားနိုင်သလောက်
- အားလုံးကို ဇလုံတစ်ခုထဲထည့်ပြီး သမအောင် ရောမွှေထားပါ
ပြင်ဆင်ပုံ
- အမဲနှစ်လုံးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ ဆား ဟင်းချိုမှုန့် နနွင်းမှုန်တို့နှင့်နယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပါ
- စပါးလင်ကို အပင်လိုက်ရေဆေးပြီး အထုံးထုံးကာ မညက်တစ်ညက် ထုထားပါ
- ချင်းကိုရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူ အလုံးလိုက်ကို အပြင်ခွံ နဲနဲချွတ်ကာ ရေဆေးထားပါ
- အမဲနှစ်လုံး အရသာဝင်လောက်တာနဲ့ ကြက်သွန်ဖြူ အလုံးလိုက် ထုထားသော စပါးလင် ချင်းပြားနှင့် ရေ အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
- အိုးမကပ်စေရန် သတိထားပြီး တည်ပေးပါ
- အရင်ဆုံး ထည့်ထားသော လုံးရည်ခမ်းတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ ပြုပ်ပေးပါ
- အသားနူးလာပြီး ရေမခမ်းခင်လေးမှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
- ရေခမ်းလျှင် အိုးကပ်သွားနိုင်တဲ့အတွက် ရေမခမ်းခင် မီးပိတ်ပေးပါ
- ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးပေးကာ မိမိနှစ်သက်သော ကြက်သွန်ဖြူ ကြက်သွန်နီ အချဉ်ရည်တို့နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment