မနေ့က ဈေးကိုသွားတော့ shimeji မှိုလေးတွေ ရလာခဲ့တယ် အိမ်ရောက်တော့ မှိုကြိုက်တဲ့ သမီးကို ဘယ်လိုလေး စားချင်လဲလို့ မေးလိုက်တယ် ငရုတ်သီးလေးနဲ့ အစပ်လေး ချက်စားရင် ကောင်းမယ်တဲ့။
ဒါနဲ့ဘဲ ဝါးလိုက်ရင် ဝါးလို့ကောင်း စားလို့ကောင်းတဲ့ မှိုလေးကို ခပ်စပ်စပ်လေး ချက်ပေးလိုက်မိတယ် သတ်သတ်လွတ် ဟင်းလေးဖြစ်လို့ လွယ်ကူမြန်ဆန် မာမာ ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်၊၊
ပါဝင်ပစ္စည်းများ
- မှို - 500g
- ငရုတ်သီး အရောင်တင်မှုန့်အစပ် - လက်ဖက်ရည်ဇွန်း တ၀က်
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ကြက်သွန်ဖြူ -၂မွှာ
- ကြက်သွန်နီ - တခြမ်း
ပြင်ဆင်ပုံ
- မှိုကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးတလုံးကို အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပါ
- ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပါ
- ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကိုထည့်ကြော်ပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ
- မှိုများနွမ်းလာတာနဲ့ အရည်အနည်းငယ်ထည့်ကာ ရေဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာတာနဲ့ ကိုယ်လိုချင်သလောက် ရေထည့်ကာ အရသာမြည်း၍ လိုသလိုပြင်ပေးပါ
- ရေလဲပွက်ပွက်ဆူလာပြီး အရသာလဲ အနေတော်ရပြီဆိုရင် မှိုအစပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment