ခရမ်းချဉ်သီးနဲ့ ငါးခြောက်ကို ချဉ်စပ်လေးချက်ပြီး ထမင်းစားရတာ အရမ်းမိန်တတ်တဲ့ ဟင်းတမယ်မို့လို့ ဒီနေ့တော့ ငါးခြောက်ဆီပြန် ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးခြောက် - 500 g (အသားထူသော ငါးခြောက် )
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ကြက်သွန်နီ - အလုံးကြီးကြီး ၁လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ချင်း - ခပ်ပါးပါး ၂ပြား
- နံနံပင် - နှစ်သက်သလောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ( လိုအပ်မှ ထည့်ပေးပါ)
- ဆီ - ဟင်းခတ်ဇွန်းကြီး ၁ဇွန်း
ပြင်ဆင်ပုံ
- ငါးခြောက်ကို ခုတ်ရလွယ်စေရန်နှင့် အငံပေါ့စေရန် အကောင်လိုက် တနာရီလောက် ရေစိမ်ပေးထားပါ
- ရေစိမ်ထားသော ငါးခြောက် ပျော့လာတာနဲ့ တလက်မသာသာလောက် အနေတော် ခုတ်ထားပေးပါ
- ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
- ငရုတ်သီးအရောင်တင်မှုန့်နှင့် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ရောထောင်းထားပါ
- ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါးလှီးပေးပါ
- နံနံပင်ကို ရေဆေးထားပါ
- ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
- ဆီပူလာတာနဲ့မီးအနေတော် လျှော့ပေးပြီး ထောင်းထားသော ငရုတ်သီးအရောထောင်းတို့ကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
- ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
- ခရမ်းချဉ်သီးများကျေလာပြီး အိလာတာနဲ့ ဆား အရသာမှုန့်တို့နှင့်အတူ ခုတ်ထားသော ငါးခြောက်ကို ထည့်ပေးပါ
- ခရမ်းချဉ်သီးနှင့် ငါးခြောက်တို့ကို လုံးမိအောင် အထက်အောင် ၃ခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ၂မိနစ်လောက် တည်ပေးပါ
- ဆီသတ်ထားချိန် အိုးမကပ်စေရန်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
- ငါးခြောက်ဆီသတ်ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
- ငါးခြောက်က အစထဲက အငံဓါတ်ပါပြီးသား ဖြစ်တဲ့အတွက် အငံကို ချင့်ချိန်ထည့်ပေးပါ
- ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်တာနဲ့ နံနံပင် အုပ်ပေးပါ
- ပြီးတာနဲ့ မီးပိတ်ပေးပြီး နံနံပင်နံ့ သင်းနေတဲ့ ငါးခြောက်ဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။
No comments:
Post a Comment