စနေနေ့က ဘုန်းကြီးကျောင်းသွားရင်း ကျောင်းကိုရောက်မှ မိတ်ဆွေတစု အပြင်ခန သွားဖြစ်ကြတယ် သရက်ပင်မှာ သရက်သီးစိမ်းတွေတွေ့တော့ သရက်ယို လတ်လတ်ဆတ်ဆတ်လေး စားချင်လာတာနဲ့ ခူးလာခဲ့မိပြန်ပါတယ်။
ထန်းလျှက်ကတော့ မြန်မာပြည်က ထန်းလျှက်ခဲလို မမာဘဲ ရှိတဲ့ထန်းလျှက်ခဲကိုဘဲ ခုတ်ထစ်ပြီး ယိုထိုးဖို့ ပြင်ထားပါတယ် ဒီနေ့တော့ စားချင်တာကို အကောင်အထည်ဖော်ကာ သရက်သီးစိမ်းကို ယိုထိုးမိပြန်တော့ ယိုထိုးနည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီးစိမ်း – 1 kg
- ကွမ်းစားထုံး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ထန်းလျှက်ခဲ - ၅၀သား (အချိုမကြိုက်လျှင် လျှော့ထည့်ပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၇ ဇွန်း
- မဆလာ - ထမင်းစားဇွန်း ၂ဇွန်း
- ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက် (အစပ်ကြိုက်လျှင် ပိုထည့်ပါ )
- ရေ – 60 ml
ပြင်ဆင်ပုံ
- သရက်သီးများကို ထိပ်ဖက်မှ အညှာကိုလှီးကာ ရေဆေးပြီး အလုံးလိုက် ရေတစ်နာရီလောက် စိမ်ထားပါ
- ပြီးလျှင် ပုံပါအတိုင်း ထက်ခြမ်းခြမ်းကာ ရေနာရီဝက်လောက် စိမ်ပေးပါ
- ပြီးတာနဲ့ ပုံပါအတိုင်း အနည်းငယ် ခပ်ထူထူလေး လှီးပေးပါ
- သရက်သီးများ လှီးပြီးတာနဲ့ ရေ ထုံးနှင့် ဆား ထမင်းစားဇွန်း ၄ဇွန်းခန့်ရောကာ သရက်သီး မြုပ်လောက်ရုံ စိမ်နိုင်အောင် ရေထည့်ပြီး ဖျော်ထားပေးပါ
- သရက်သီးများကို ဖျော်ထားသည့် ရေထဲထည့်ကာ အနည်းဆုံး ၁၀ နာရီခန့် စိမ်ထားပါ
- ၁၀ နာရီခန့် ထုံးရည်စိမ်ပြီးလျှင် ရေဖြင့် ထုံးရည်များ စင်သွားအောင် ၃ ခါလောက် ဆေးပေးကာ ရေသန့်သန့်ထဲမှာ နောက်ထပ် ၇ နာရီခန့် ထပ်စိမ်ထားပေးပါ
- ရေစိမ်ပြီးတာနဲ့ ဇကာထဲထည့်ကာ ရေစစ်ထားပါ
- သရက်သီး ရေစစ်ထားတုန်း ထန်းလျှက်ခဲနှင့် ရေ 60 ml ကို အိုးကြီးကြီးထဲထည့်ပေးကာ မီးအနေတော် ဖြင့် ထန်းလျှက်ခဲများ ပျော်သွားအောင် ကျိုပေးပါ
- ရေပွက်ပွက်ဆူလာပြီး ထန်းလျှက်ခဲများ ပျော်လာပါ သစ်သားယောင်းမဖြင့် ခပ်နာနာလေး မွှေပေးပါ
- ထန်းလျှက်များအားလုံး အရည်ပျော်သွာ
းတာနဲ့ ရေစစ်ထားသော သရက်သီးများကို အရင်ဆုံး ထည့်မွှေပေးပါ - သရက်သီးထဲ ထန်းလျှက်ရည် အရသာ ဝင်သွားတာနဲ့ ဆား လက်ဖက်ရည်ဇွန်း ၃ဇွန်း ငရုတ်သီး အကြမ်းမှုန့် နှင့် မာဆလာတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
- အရသာဝင်ပြီး သမသွားအောင် မွှေပြီးတာနဲ့ မီးအပူရှိန်ကို အနည်းငယ် ထပ်မြှင့်ပေးပါ
- မီးရှိန် နည်းနည်း ပိုပူလာတာနဲ့ သရက်သီးများကို အရသာဝင်အောင် ထပ်မွှေပေးပါ
- မွှေနေစဉ်မှာဘဲ သရက်သီးထဲမှ အရည်အနည်းငယ် ထွက်လာပါလိမ့်မယ်
- ထိုအရည်များ ခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာစေရန်ဆက်ပြီး ကျိုပေးပါ
- ကျိုနေစဉ်မှာဘဲ ထန်းလျှက်ရည်များ အရမ်းခမ်းပြီး ခဲမသွားစေရန် မီးပိတ်ပေးပါ
- မီးပိတ်ပြီးတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
- သရက်သီး အစိမ်းယို အအေးခံထားတာ အေးသွားပြီဆိုတာနဲ့ တထုတ်ထုတ်နှင့် စားလို့ကောင်းတဲ့ သရက်သီးစိမ်း အစပ်ယို ရှူးရှူးရှဲရှဲလေးကို မဆလာနံ မွှေးမွှေးလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment