Tuesday 8 August 2017

ရှမ်းနံနံအုပ် သီးစုံချဉ်ရည်ဟင်း



မစားရတာ ကြာပြီဖြစ်တဲ့ သီးစုံ ရှမ်းနံနံရွက်အုပ် ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပြန်ပါပြီ ဒီလိုဟင်းလေးတွေ ချက်စားတိုင်း ငယ်ဘ၀လေးကို တမ်းတမိတယ် မာမာတို့ငယ်ငယ်က အရှေ့ကွင်းနဲ့အနောက်ကွင်းမှာ ခြံ၂ခြံရှိပြီး ကျောင်းပိတ်ရက်ဆို ခြံထဲကို အမြဲတမ်း သွားကြပါတယ်။

ခြံထဲရောက်တိုင်း ခြံထွက်အသီးအနှံတွေကို အခုလို ချဉ်ရည်ဟင်းကာ မြိန်ရည်ယှက်ရည် စားကြတာလဲ အင်မတန်မှ ပျော်စရာကောင်းလွန်းပါတယ် စိတ်အပျော်လေးလဲရစေအောင် ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်လို့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းမျာ

  1. မုံလာဥ -  လေးပင်
  2. ပဲသီး - ငါးတောင့်
  3. ဂေါ်ဖီရွက်အရင့် - နှစ်ဖတ်
  4. မျှစ် - ခပ်သေးသေးနှစ်ပင်ခန့်
  5. ပန်းဂေါ်ဖီ - တစ်စိတ်
  6. မုံလာဥနီ - အနေတော် တစ်ဥ
  7. ရုံးပတေသီး - ၁၅တောင့်ခန့်
  8. ကြက်သွန်နီ - တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - နှစ်မွှာ
  10. ချင်း - လက်တဆစ်၏ တစ်ဝက်
  11. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  16. မကျည်းသီး အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  18. ပုဇွန်ထုတ် - ၁၀ကောင်ခန့်
  19. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. မုံလာဥဖြူနှင့် မုံလာဥနီကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ဂေါ်ဖီရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  3. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  4. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  5. ပဲသီးကို အညှာဖြတ်ပြီး ရေဆေးကာ အနေတော် လှီးထားပါ
  6. မျှစ်နှင့် ပန်းဂေါ်ဖီကို ရေဆေးပြီး လှီးထားပါ
  7. ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး တပိုင်းပိုင်းထားပေးပါ
  8. ရှမ်းနံနံကို ရေဆေးထားပေးပါ
  9. ဇောက်နက်သောအိုးထဲမှာရှမ်းနံနံနှင့် ရုံးပတေသီးမှလွဲပြီး လှီးထားသော အသီးအရွက်များ ပုဇွန် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  10. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  11. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  12. အိုးထဲမှ အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  13. ရေပွက်ပွက်ဆူလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ ရုံးပတေးသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် ၄မိနစ်လောက် ထပ်တည်ပေးပါ
  14. ရုံးပတေသီး အရောင်ပြောင်းလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံအုပ်ကာ မီးပိတ်ပေးပါ
  15.  ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

No comments:

Post a Comment