မကြာမကြာ ကြော်ဖြစ်တဲ့ အကြော်လေးပါ တခါကြော်ဖြစ်တိုင်း တခါစမ်းလိုက်နဲ့ ပဲကြော်ကြော်တိုင်း စိတ်တိုင်းကျမှ ကျေနပ်တတ်လေတော့ ဒီတခါ ကြော်ဖြစ်တဲ့နည်းလေး ထပ်ပြီးမျှဝေလိုက်ပါတယ်
ပါ၀င်ပစ္စည်းများ (အချပ်ကြီး ၁၀ချပ်စာ)
- ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
- တန်ပူရာမှုန့် - 150 g
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို လက်တလုံးစာ လျှော့ထည့်ပါ
- ဆီ - ၂လီတာခန့်
ပြင်ဆင်ပုံ
- ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်အုပ်ပြီး တစ်ညလောက် ရေစိမ်ထားပါ
- မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
- တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
- အောက်ခြေ မကပ်သော ဒယ်အိုး၂ခုကို သုံးပါ
- ဒယ်အိုးအသေးနှင့် ဒယ်အိုးအကြီးကို ပြိုင်တူအပူပေးထားပါ
- အိုးပူလာတာနဲ့ ဒယ်အိုးအသေးထဲကို ဆီတ၀က်သာသာ ထည့်ပါ
- ဒယ်အိုးအကြီးထဲကို ဆီများများထည့်ပေးပါ
- အိုးထဲမှဆီအငွ့ တက်လာတာနဲ့ ဆီအိုး၂ခုလုံးမှ မီးကို အလယ်လောက်အထိ လျှော့ပေးပါ
- ဆီပူလာတာ အနေတော် ဖြစ်ပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ပြီး ဆီအိုး အသေးထဲကို ထည့်ပေးပါ
- ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှ စပြီး အဝိုင်းပုံသဏ္ဌန် လှည့်ပြီး အလယ်ကိုရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးပါ
- ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
- ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးမွတက်လာမှ အသာလေး ဆယ်ပြီး ဆီအိုးအကြီးထဲသို့ ပြောင်းခည့်ပေးပါ
- ဆီအိုးအကြီးထဲမှာ ခနဘဲ ကြော်ပေးပြီး ဆယ်ကာ ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
- နောက်ထပ် ကျန်သောအချပ်များကိုပထမ ကြော်သည့်အတိုင်း ထည့်ကြော်ပေးပါ
- အိုးအသေးထဲမှာ ဆီနည်းသွားပါက အိုးအကြီးထဲမှ ဆီကို အပူခံဇွန်း ခပ်ကြီးကြီးနှင့် ခပ်ယူကာ အိုးအသေးထဲကို ခပ်ထည့်ပေးပါ
- ဆီအိုးထဲကို ပဲရည်ခပ်ထည့်စဉ် အပြင်ကို ဝေကျတတ်တဲ့အတွက် ဖြေးဖြေးချင်း ထည့်ပေးပါ
- အထက်ဖော်ပြပါ နည်းအတိုင်း ပထမအချပ်အတိုင်း ဆက်ကြော်ပေးပါက အကြော်၁၀ချပ်ရပါမယ်
- အားလုံကြော်ပြီး ဆီစစ်သွားပါက နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment