ဒီနေ့တော့ ဘူးသီးအလုံးသေးလေးတွေ ၀ယ်လာကာ ကြက်သားနဲ့ရောပြီး ဆီလည်ရေလည်လေး ချက်ထားတဲ့ စားမြိန်ဟင်းတမယ်အတွက် မာမာချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်သား - ၃ဆယ်သားခန့်
- ဘူးသီး - တစ်လုံးစာ
- ကြက်သွန်နီ - အနေတော်တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- စပါးလင် - နှစ်လက်မခန့်
- ချင်း - လက်တစ်ဆစ်ခန့်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ရေ - လိုသလောက်
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပေးပြီးမှ နှစ်သက်သလို ခုတ်ကား ငံပြာရည် ဆား နနွင်း အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
- ဘူးသီးကို အခွံခွာပြီး တစ်ဝက်ခြမ်း၍ ရေဆေးပေးကာ ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးထားပါ
- စပါးလင်ကို ခပ်ပါးပါးလှီးထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငရုတ်သီးထောင်းနှင့်အတူ အရသာနယ်ထားသော ကြက်သားကိုထည့်ပြီး ငရုတ်သီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
- အရသာနယ် ပြီးတာနဲ့ရေအနည်းငယ်ထဲ့ကာ မီးအားအနေတော်ဖွင့်ပြီး လုံးချက်ချက်ပေးပါ
- ချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
- ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက ဘူးသီးနှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ဘူးသီးနူးအောင် တည်ပေးပါ
- ဘူးသီးနူးတာနဲ့ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ
- ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကြက်သားဘူးသီး အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိုင်ပါပြီ။
No comments:
Post a Comment