ဒီနေ့လုပ်စားဖြစ်တဲ့ မန္တလေး ထိုးမုန့်လေးပါ စားချင်လာပြီဆို ချက်ခြင်း ပြင်ဆင်ပြီး လုပ်တတ်တဲ့ စိတ်လေးက ကိုယ့်အတွက် ပါရမီဖြည့်ဖက်လေး ဖြစ်ခဲ့ရပါတယ်။
အရမ်းအရမ်းကို စားလို့ကောင်းလွန်းလို့ အားလပ်ရက်လေးမှာ လုပ်စားရလေအောင် မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် - 200 g
- သကြားဖြူ - 50 g
- ဆီ - 50 g
- ထောပတ် - 200 g
- အုန်းနို့ - 200 ml
- ရေ - 50 ml
- ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
- မြေပဲလှော် - အစေ့ ၂၀ခန့်
- အုန်းသီးဖတ် - 2 cups
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး (အုန်းသီးဖတ့်ကြော်ရန်)
ပြင်ဆင်ပုံ
- မြေပဲလှော်ပြီးသားကို အခွံချွတ်ထားကာ ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
- ဇောက်နက်သော အိုးတလုံးထဲမှာ ရေနှင့်အုန်းနို့ကိုထည့်ပြီး ပူတယ်ဆိုရုံလေး အပူပေးလိုက်ပါ
- ပူလာတာနဲ့ကောက်ညှင်းမှုန့်ကို ထည့်ပေးပြီး သမသွားအောင် မွှေပေးပါ
- နောက်ထပ် အိုးတလုံးထဲမှာ ဆီနှင့် ထောပတ်ကိုထည့်ပြီး ထောပတ်ပျော်သွားအောင် အပူပေးပါ
- ထောပတ် ပျော်လာတာနဲ့ ကောက်ညှင်းမှုန့်ကို အိုးထဲထည့်ပြီး မွှေပေးပါ
- မွှေနေစဉ် အဆက်မပြတ် မွှေပေးပြီး သကြားကို ထည့်မွှေပေးပါ
- လက်အားသန်သန်နှင့် ၁၀မိနစ်လောက်မွှေပေးပြီး မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့နှင့် မြေပဲကို ထည့်မွှေပေးပါ
- မုန့်သားကြည်လာပြီး ဘိန်းစေ့နှင့် မြေပဲတို့ သမသွားတာနဲ့ ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
- ထောပါတ်ဆီများ ပြန်ထွက်လာတာနဲ့ မုန့်ထည့်မည့် ဗန်းတခုထဲ ပြောင်းထည့်ကာ အအေးခံထားပေးပါ
အုန်းသီးကြော်ရန်
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးလိုက်ပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အုန်းသီးဖတ်များကို ထည့်ကြော်ပေးပါ
- အုန်းသီးဖတ်များ ကျွမ်းမသွားစေရန် ဆက်တိုက်မွှေပေးပါ
- အုန်းသီးဖတ်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
- ဆီစစ်ပြီး အေးသွားတာနဲ့ အအေးခံထားသော ထိုးမုန့်အပေါ်မှာ ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment