Monday 24 August 2015

ကြာဇံချက်


ဒီနေ့တော့ ကြက်သားကို ဆီသတ်ပြီး ကြာဇံချက်လေး ချက်စားဖြစ်ပါတယ် ထမင်းမစားချင်တဲ့ အခါမျိုးမှာ အခုလို ကြာဇံချက် ပူပူလေးချက်ပြီး သောက်ရတာကလဲ အရသာတွေ့စေတဲ့ အစာတစ်ခုပါဘဲနော်။

ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေချင်ပါတယ် အားလပ်တဲ့အချိန် မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆုံကြတဲ့ အခါတို့ အိမ်မှာအလှူအတန်း လုပ်တဲ့အခါတို့မှာ သိပ်ပြီးပင်ပင်ပန်းပန်း လုပ်စရာ မလိုဘဲ ချက်ထားတဲ့ နည်းလေးမို့လို့ ချက်ကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (၄ယောက်စာအတွက်)

  1. ဂျုံကြာဇံ - 50 g
  2. ကြက်အရိုးအသား - 500 g 
  3. မှိုခြောက် - ၇ပွင့်
  4. ပန်းခြောက် - ၁၀ခု
  5. ပဲလိပ် - တစ်ချောင်း
  6. ကြက်သွန်နီ အသေး - ၁၀လုံး (ဟင်းရည်အိုးထဲထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ကြက်သားဆီသတ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းရည်ထဲခပ်ရန် )
  9. ကြက်သွန်နီ - အကြီး တစ်လုံး (ကြက်သားဆီသတ်ရန် )
  10. ငုံးဥ - ၁၀လုံး ( အခုချက်တဲ့အထဲ မထည့်ထားပါ )
  11. ငရုတ်ကောင်း - ၁၅စေ့ခန့်
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်နှင့် ကြက်သားအရသာနယ်ထဲ ထည့်ရန်)
  13. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငါးငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း( ကြက်သားအရသာနယ်ရန်နှင့် ဟင်းရည်ထဲထည့်ရန်)
  15. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြက်သားအရသာနယ်ရန်နှင့် ဟင်းရည်ထဲထည့်ရန် )
  16. ဆား - လိုသလောက် (ဟင်းရည်အရသာပြင်ရန်)
  17. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ကြက်သားဆီသတ်ရန်
  • မှိုခြောက် ဂျုံ ကြာဇံ ပန်းခြောက် ပဲလိပ်တို့ကို ဟင်းရည်မချက်ခင် သပ်သပ်စီခွဲပြီး ရေမြုပ်အောင်ထည့်ကာ ရေတစ်နာရီလောက် ကျိုပြီးစိမ်ထားပေးပါ
  • ရေစိမ်ထားတာ ပွလာပါက မှိုခြောက်များကို ကျောက်ခဲနှင့်သဲများ စင်သွားအောင် ဆေးထားပါ
  • ဂျုံ ကြာဇံကို အလယ်မှနေပြီး ပိုင်းထားပေးပါ
  • ပန်းခြောက်ကို ရေဆေးပြီး အထုံးလေးတွေ ထုံးထားပေးပါ
  • ပဲလိပ်ကို အနေတော်လေးတွေ ပိုင်းထားပေးပါ
  • ကြက်သားကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကို အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အိုးအဖုံးကို နည်းနည်းလေး ဟထားပြီး ကြက်သားမနူးတစ်နူး အနေအထားရလာအောင် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ကြက်သားကို ဆယ်ပြီးအအေးခံပေးကာ အသားထွင်ပြီး လက်တစ်လုံးစာ အနေတော် အတုံးလေးတွေ ထွင်ထားပါ
  • ကြက်ရိုးများကိုတော့ အချိုရည်ရအောင် ကြက်ပြုပ်ရည်အိုးထဲ ပြန်ထည့်ထားပါ
  • ကြက်သွန်နီ အနေတော် တစ်လုံး ကြက်သွန်ဖြူ  ၃မွှာ ချင်း လက်တစ်ဆစ်ခန့်ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း ၄ဇွန်းကို အပူပေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ငရုတ်သီး ထောင်းထားတာကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အသားထွင်ထားသော ကြက်သားပြုပ်ပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
  • ကြက်သားအသား အနည်းငယ် မာလာတာနဲ့ ကြက်ရိုးပြုပ်အိုးထဲ ထည့်ပေးပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
  • ငရုတ်ကောင်းကို ဒယ်အိုးအသေးလေးထဲမှာထည့်ပြီး မွှေးသွားအောင် လှော်ပေးထားပါ
  • လှော်ထားတဲ့ ငရုတ်ကောင်းကို ကြက်သွန်ဖြူ ၃မွှာနှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ကြက်သားပြုပ်ရည် အိုးထဲကို ရေ တရုတ်ဟင်းပြင်ပန်းကန် ၃လုံးသာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေဆူလာတာနဲ့ ဆီသတ်ထားသော ကြက်သား ကြက်သွန်နီ အလုံးလိုက် မှိုခြောက် ပန်းခြောက် ပဲလိပ် ငံပြာရည် အရသာမှုန့်တို့ထည့်ကာ ကြက်သွန်နီ ဥလေးများ နူးအောင်တည်ပေးပါ
  • ကြက်သွန်နီ နူးပါက ဂျုံကြာဇံထည့်ပြီး ၂မိနစ်လောက် ပွက်ပွက်ဆူလာအောင် တည်ပေးပါ
  • ငုံးဥနှစ်သက်က ငုံးဥပြုပ်ကို အခွံခွာပြီးထည့်ပေးပါ
  • ရေပွက်ပွက် ဆူပြီးတာနဲ့ အရသာအတွက် ဆား အရသာမှုန့် ကြက်သွန်ဖြူ နှင့် ငရုတ်ကောင်းထောင်းကိုခပ်ပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ပေးပါ
ကြာဇံချက်နှင့် တွဲပြီးစားရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ 
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီး တစ်လုံးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  •  အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးစိမ်းနှင့် ဆားတို့ထည့်ကာ သံပုရာရည်နှင့်နယ်ကာ အချဉ်တည်ထားပါ
  • ငရုတ်အလှော်မှုန့်ကို ပြင်ထားပါ 
  • သံပုရာသီး နှစ်လုံးကို အလုံးလိုက် ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ငါးငံပြာရည်ကို ပန်းကန်လုံးလေးထဲထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မိမိနှစ်သက်ရာ ပန်းကန်လုံး တစ်လုံးထဲမှာ ကြာဇံချက် တစ်ပွဲစာ ထည့်ပေးပြီး အချဉ် အငံ အစပ် လိုသလို ပြု ပြင်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment